
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က မဲရေတွက်မဲ့ သိမ်ဇရပ်မြို့ ထွေအုပ်ရုံးကို တော်လှန်ရေးတပ်တွေ ဒီနေ့ ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက ဒရော့ဗုံးနဲ့ တိုက်ခိုက်ခဲ့သလို မဲရုံကာကင်းကိုလည်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
KNLA ပူးပေါင်းတော်လှန်ရေးတပ်တွေဟာ ဒီနေ့ စစ်ကောင်စီတပ်က ရွေးကောက်ပွဲလုပ်နေချိန် နေ့လယ် ၂ နာရီဝန်းကျင်မှာ မဲရေတွက်မဲ့ သိမ်ဇရပ်မြို့ ထွေအုပ်ရုံးကို ဒရော့ဗုံးချပြီးနောက်မှာ မြို့ပတ်လည်နဲ့ မဲရုံရှိတဲ့ရွာတွေက လမ်းတွေက မဲရုံတွေအတွက် ကာကင်းအဖြစ်ထားတဲ့ စစ်ကောင်စီတပ်ကို ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “သိမ်ဇရပ် ထွေအုပ်ရုံးကို ဒရော့ဗုံးချတယ်။ ကာကင်းချထားတဲ့ စစ်ကောင်စီတပ်ကို ရှော့တိုက်ဒုံးနဲ့ပစ်တယ်။ ထိခိုက်မှုကိုတော့ မသိရသေးဘူး။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ သိမ်ဇရပ်မှာ ဒီနေ့ ရွေးကောက်ပွဲလုပ်တယ်” လို့ DVB ကို ပြောပါတယ်။
သိမ်ဇရပ်မြို့မှာ စစ်ကောင်စီက မဲရုံ ၁၀ ရုံ ထားရှိပြီး အဲဒီမဲရုံတွေကနေ ပို့မဲ့ မဲတွေဟာ သိမ်ဇရပ်ထွေအုပ်ရုံးမှာ ရေတွက်မှာဖြစ်တာကြောင့် ဒရော့ဗုံးချ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ပေမဲ့ ထိခိုက်သူမရှိဘဲ ခရွဲ၊ အခိုင်၊ ဇီးပြောင်း ၄၊ ဇီးပြောင်း ၅၊ ရေကျော်၊ သုံးခွ၊ ၀ါးဒတ်ကွင်းရွာတွေက ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် ဒီဇင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာလည်း မဲရုံအတွက် ကာကင်းယူတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေဟာ ကျိုက်ထိုမြို့နယ် ရေကျော်ရွာ၊ သုံးခွရွာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုကို အမှတ် ၃၆ နည်းဗျူဟာ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့၊ KNLA၊ ABSDF နဲ့ ပကဖအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“KNLA တပ်မဟာ ၁ နယ်မြေထဲကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးလာတာ။ သူတို့ဘက်က ၁၀ ယောက်လောက် ကျမယ်။ လမ်းမအတိုင်းတက်လာတာ။ ကျနော်တို့ဘက်က ဒရုန်းနဲ့ချ၊ သူတို့ကလည်း လက်နက်ကြီးနဲ့ပစ် တနေကုန်ပဲ။ အဲဒီမှာ အင်အား ၂၀၀ လောက် ချထားတယ်။ မဲရုံကိုကာတဲ့အနေနဲ့ တက်လာတာ” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ် ၁၀၂ မြို့မှာ ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပနေပြီး အပိုင်း ၂ ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့မှာ မြို့နယ် ၁၀၀ နဲ့ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်မှာ မြို့နယ် ၆၃ မြို့နယ်မှာ လုပ်မယ်လို့ ကြေညာထားသလို ကျင်းပမဲ့မြို့နယ်တွေကိုလည်း ပြင်ဆင်ဖြည့်စွက်တာတွေ လုပ်နေတာ ဖြစ်ပါတယ်။


