
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို ဒီဇင်ဘာ ၂၈ ရက် မနက် ၂ နာရီ ၄၅ မိနစ်က ပြင်းအားမြင့် လက်ပစ်ဗုံး ၂ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခံရတယ်လို့ ရပ်ကွက်နေသူတွေထံက သိရပါတယ်။
မိုင်းဖောက်ခွဲတိုက်ခိုက်မှုကို Yangon Army မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့၊ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
Yangon Army မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “ပြင်းအားမြင့် မိုင်း ၂ လုံးနဲ့ သွားရောက်ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ၊ လုံခြုံရေးအထပ်ထပ်ချထားတဲ့ကြားထဲက လုပ်ဆောင်ခဲ့ရတာ။ ထိခိုက်မှုရှိပေမဲ့ အတိအကျ ပြောပြလို့မရဘူး။ အမြန်ပြောင်းရွှေ့ရလို့” လို့ ပြောပါတယ်။
“ကျနော်တို့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ အနေနဲ့ကတော့ လုပ်စရာရှိတာကို မရရအောင် လုပ်ဆောင်နေပါတယ်။ ပြည်သူတွေအနေနဲ့လည်း တရားမဝင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရင် ကျေနပ်ပါတယ်” လို့ ဆိုပါတယ်။
ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ စစ်ကောင်စီကပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူတွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို ဆက်လက်ရှင်းလင်းသွားမှာဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက် ညကလည်း ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာရှိတဲ့ PPP ပါတီရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့သေးကြောင်း မြို့ပြယူဂျီတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။


