Home
နိုင်ငံတကာ
ဆီးရီးယား၊ ဟွမ်းစ်မြို့ ဗလီပေါက်ကွဲမှုတွင် အနည်းဆုံး လူ ၈ ဦး သေဆုံး
DVB
·
December 27, 2025
Photo :Reuters

ဆီးရီးယားနိုင်ငံ၊ ဟွမ်းစ်မြို့မှာရှိတဲ့ အာ့လဝိထ်လူနည်းစုဂိုဏ်းဝင်တွေ ဝတ်ပြုနေတဲ့ အီမာမ်အလီဘင် အဘီတာလစ်ဘ်ဗလီမှာ ဒီဇင်ဘာ ၂၆ ရက်က ပေါက်ကွဲမှုဖြစ်ပြီး လူ ၈ ယောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန ဆာနာက ဖော်ပြပါတယ်။

ဒီပေါက်ကွဲမှုဟာ သောကြာနေ့ မွန်းတည့်ချိန် ဝတ်ပြုဆုတောင်းနေကြတဲ့အချိန်အတွင်း ဖြစ်ပွားခဲ့တာလို့ ဒေသခံအရာရှိ အစ်ဆမ်နားမက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် ဒီပေါက်ကွဲမှုကြောင့် တခြားသူ ၁၈ ယောက်လည်း ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက်တွေဟာ နောက်ဆုံးအဆင့် အတည်မယူရသေးတဲ့အတွက် နောက်ထပ် ထပ်မံ မြင့်တက်လာနိုင်တယ်လို့ ဆီးရီးယားကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ နာဂျစ်ဘ် အလ်-နားဆန် ရဲ့ ပြောကြားချက်ကို ဆာနာသတင်းဌာနက ကိုးကား ဖော်ပြပါတယ်။

ဟွမ်းစ်မြို့တော် သတင်းထုတ်ပြန်ရေးရုံးကတော့ အဆိုပါဗလီအတွင်းမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတခု ပေါက်ကွဲခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေက အဲဒီနေရာကို ဝိုင်းရံထားကြောင်း ပြောပါတယ်။

ဗလီရဲ့ ဦးဆောင်သူ ဗလီဆရာ အစ္စမိုင်း အလ်ဒင်းန်ရှာလုံမ် က ပြောပြရာမှာတော့ ဗလီအတွင်းမှာ ဝတ်ပြုသူ ၃၀၀ ဝန်းကျင်လောက် ရှိနေခဲ့ပြီး ပုံမှန်အတိုင်း အပတ်စဉ် ဆုတောင်းဖို့ နှိုးဆော်ချက် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဝတ်ပြုသူတွေက နဝါဖှိလ် ဆုတောင်းမှု ပြုလုပ်ဖို့ မတ်တပ်ရပ်နေချိန်မှာပဲ ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ဆာရယာ အန်ဆာ အလ်-ဆွန်နား လို့ သိကြတဲ့ အစွန်းရောက် ရှေးရိုးစွဲ ဆွန်နီ မွတ်ဆလင် အုပ်စုက သူတို့လုပ်တာဖြစ်တယ်လို့ သူတို့ရဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ထုတ်ပြန်ထားပါတယ်။ 

အဲဒီအဖွဲ့ဟာ ဇွန်လတုန်းက ဒမတ်စကတ်စ်မြို့မှာရှိတဲ့ ဘုရားကျောင်းတခုမှာ လူ ၂၀ ယောက် သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲမှုအတွက်လည်း သူတို့မှာ တာဝန်ရှိကြောင်း အရင်က ကြေညာထားဖူး ပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013