
တူရကီအာဏာပိုင်တွေဟာ တူရကီနိုင်ငံအတွင်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်တွေမှာ တိုက်ခိုက်မှုတွေပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သံသယရှိတဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ဝင် ၁၁၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အစ္စတန်ဘူလ် ရှေ့နေချုပ်ရုံးက ဒီဇင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
အစ္စတန်ဘူလ် ရဲတပ်ဖွဲ့ဟာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်တွေအတွင်း အထူးသဖြင့် မွတ်စလင် မဟုတ်သူတွေကို တိုက်ခိုက်ဖို့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ဝင်တွေက စီစဉ်ခဲ့တယ်လို့ သတင်းတွေရရှိခဲ့ကြောင်း အစိုးရရှေ့နေရုံးက X မှာ ပို့စ်တင်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ အစ္စတန်ဘူလ်ရှိ နေရာ ၁၂၄ ခုကို တချိန်တည်း တပြိုင်တည်းမှာ ဝင်ရောက် စီးနင်းခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းတာ၊ ရှာဖွေတာနဲ့ သိမ်းဆည်းတာတွေကို လုပ်ဆောင်ခဲ့ရာမှာ သူတို့ရှာဖွေနေတဲ့ သံသယရှိသူ ၁၃၇ ယောက်ထဲက ၁၁၅ ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းမမိသေးတဲ့ သံသယရှိသူတွေကိုလည်း ဆက်လက်ဖမ်းဆီးရေး လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
ပစ္စတိုသေနတ်တွေနဲ့ ကျည်ဆန်တွေ အမြောက်အမြားနဲ့ အဖွဲ့အစည်းဆိုင်ရာ စာရွက်စာတမ်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း ဆိုထားပါတယ်။


