Home
မြန်မာသတင်း
အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာအမှု အခြေအနေ ထုတ်ပြန်ပေးရန် NUG ကို တောင်းဆို
DVB
·
December 24, 2025

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူကို တိုင်ကြားထားမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးချိန် ၁ လပြည့်ပြီဖြစ်တာကြောင့် တစုံတခု ထုတ်ပြန်ပေးဖို့ ဝန်ထမ်းဟောင်းတွေက NUG ကို တောင်းဆိုလိုက်ပါတယ်။

တဖက်မှာလည်း ဒေါ်ကြည်ပြာဘက်က သူ့ကို တိုင်ကြားခဲ့တဲ့ ဝန်ထမ်းဟောင်းတွေကို စွပ်စွဲချက် ၆ ခုနဲ့ တန်ပြန်တိုင်ကြားထားကြောင်း ကာယကံရှင်တွေက ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှာ စတင်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပထမအမှုနဲ့ပတ်သက်လို့ တိုင်ကြားသူတွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ဆုံးဖြတ်ချက်ချတာ မရှိသေးဘဲ အခုတခါ ဒေါ်ကြည်ပြာဘက်က တန်ပြန်တိုင်ကြားမှုနဲ့ပတ်သက်လို့ ထပ်မံစစ်ဆေးဖို့ ဝန်ထမ်းဟောင်းတွေကို ဒီဇင်ဘာ ၁၈ နဲ့ ၂၂ ရက်နေ့တွေမှာ ထပ်မံဆင့်ခေါ်ခဲ့ကြောင်းသိရပါတယ်။

ဒေါ်ကြည်ပြာကို တိုင်ကြားသူတယောက်က “အခု ကျနော်တို့ကပြောတာ ရှင်းရှင်းလေးပဲပေါ့နော်။ အခုချိန်လည်း ကျနော်တို့ ပြန်ပြောထားတယ်။ တလလည်း ပြည့်ပြီ၊ မူရင်းအမှုကို အရင် သတ်မှတ်ပေးပါ။ အရင်ကတိကဝတ်ပေးထားတဲ့အတိုင်းပဲ၊ မူရင်းအမှုကို ထုတ်ပြန်ကြေညာပေး။ ကျနော်တို့ကို အကြောင်းကြားပေး။ အဲဒါပြီးသွားတော့ ဒုတိယအမှုက ခိုင်မာရင် ဒါလည်း သူ့ရဲ့ စွဲဆိုနိုင်တဲ့ အခွင့်အရေးပေါ့လေ။ ဒုတိယအမှုက ခိုင်မာတယ်၊ တကယ်ခိုင်မာတယ်လို့လည်း NUG အမျိုးသားညီညွှတ်ရေးအစိုးရ ယုံကြည်တယ်၊ ယုံကြည်ရင် အစစ်ခံမယ်၊ အဲဒီခါကျရ င်အစစ်ခံမယ်။ လာမယ်၊ ကျနော်တို့လာပြီးရင် ကျနော်တို့လည်း ထုချေမယ်” လို့ ပြောပါတယ်။

ဒေါ်ကြည်ပြာဘက်က ဝန်ထမ်းဟောင်း ၁၂ ယောက်ကို အစိုးရလျှို့ဝှက်ချက်တွေ ပေါက်ကြားစေခြင်း၊ အစိုးရအဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကိုထိခိုက်စေခြင်း၊ NUG ကို အကြည်ညို ပျက်အောင်ပြုခြင်း၊ လူပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးကို ထိခိုက်နစ်နာစေခြင်း၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုဆိုင်ရာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းအပါအဝင် ပြစ်ဒဏ်ထင်ရှားစီရင်ခြင်းမပြုမီ အပြစ်မဲ့သူဟု မှတ်ယူရမည်ဆိုတဲ့ လူ့အခွင့်အရေးကို ပြင်းထန်စွာချိုးဖောက်ခဲ့ခြင်း အချက်တွေနဲ့ တန်ပြန်တိုင်ကြားခဲ့တာလို့ သတင်းဌာနတချို့မှာ ဖော်ပြနေသလို NUG နဲ့ နီးစပ်သူတချို့ကလည်း ပြောပေမဲ့ DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြစ်မှုကြောင်းအရ တရားစွဲဆိုလာတဲ့ အမှုတွေမှာ စွပ်စွဲခံရသူဘက်က တိုင်ကြားသူကို ပြန်လည်တရားစွဲတာမျိုး ရှိလာတဲ့အခါ ၂ မှုလုံးကို ရုံးချိန်းတခုတည်းမှာ တပြိုင်တည်း စစ်တာမျိုးလည်း ရှိတဲ့အကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ထောက်ပြပါတယ်။ ဒါပေမဲ့ ဌာနဆိုင်ရာ အမှုတွေမှာတော့ ကွဲပြားမှုရှိတဲ့အကြောင်း ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “သို့သော် အခုလို ဌာနဆိုင်ရာအမှုမျိုးကျရင်တော့ ဌာနဆိုင်ရာပုံစံမျိုးပဲ စစ်ရမယ်လေ။ ပထမဆုံး တိုင်တယ်၊ အမိန့်ချတယ်။ နောက်တခါ ဒေါ်ကြည်ပြာက ပြန်တိုင်တယ်၊ အဲဒီအမှုစစ်တယ်၊ အဲတာတပြိုင်တည်း အမိန့်ချလို့ မရဘူး။ ဒေါ်ကြည်ပြာ တိုင်တဲ့အမှုကို စစ်ဦးမယ်ဆိုပြီး စောင့်ပြီးတော့ အမိန့်မချဘဲထားလို့ မရဘူး။ အဲဒါကတော့ တို့ကဌာနဆိုင်ရာ အရာရှိတယောက်အနေနဲ့လည်း ကိုယ်ကိုယ်တိုင်လည်း အစစ်ခံတယ်၊ သူများကိုလည်း စစ်တဲ့ အတွေ့အကြုံအရနော်၊ နောက်တခါ ရှေ့နေလောက အတွေ့အကြုံအရ အဲဒီနှစ်ခုပေါင်းစပ်ပြီး ပြောတာပါနော်” လို့ ပြောပါတယ်။

ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို  လူ့အခွင့်အရေးချိုးဖောက်မှု၊ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ ဝန်ထမ်းတွေအပေါ်နဲ့ တော်လှန်ရေးအစိုးရအတွင်း မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်နေတယ်ဆိုတဲ့ ပြင်းထန်တဲ့စွပ်စွဲချက်တွေနဲ့ ဝန်ထမ်းဟောင်း ၁၂ ယောက်က နိုဝင်ဘာ ၁၉ ရက်မှာ သက်သေတွေနဲ့တကွ  လက်မှတ်ရေးထိုး တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး တိုင်ကြားခံရသူတွေကို နိုဝင်ဘာ ၂၂ ရက်နေ့ကစလို့ တာဝန်ကနေ ယာယီရပ်နားထားကာ စစ်ဆေးတွေ့ရှိချက်တွေပေါ် မူတည်ပြီး လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်ဆီ DVB က ဆက်သွယ်မေးမြန်းရာမှာ အမှုနဲ့ပတ်သက်လို့ စစ်ဆေးနေတုန်းလို့သာ သိရပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ လုပ်ငန်းပြီးပြတ်တဲ့အခါမှသာ တနည်းနည်းနဲ့ အသိပေးတာမျိုး ရှိလိမ့်မယ်လို့ ဖြေဆိုခဲ့ပါတယ်။

ဒါ့အတူ ဒေါ်ကြည်ပြာကို DVB က စာပေးပို့မေးမြန်းပေမဲ့ တုံ့ပြန်ဖြေကြားတာမရှိသေးသလို စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာ ဘယ်သူတွေ၊ ဘယ်နှယောက် ပါဝင်တယ်ဆိုတာကိုလည်း NUG ဘက်က ဖြေဆိုဖို့ ငြင်းဆန်ထားပါတယ်။ 

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013