
ဖက်ဒရယ်ယူနစ်အစိုးရတွေ ပေါ်ပေါက်လာချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။
ဒီဇင်ဘာ ၁၈ ရက် ဒီနေ့လုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးမိန့်ခွန်းမှာ ပြောတာဖြစ်ပြီး နိုင်ငံရေးမှာ အမြဲတမ်း သဘောထားတိုက်ဆိုင်နေတာတွေ မရှိပေမဲ့ တော်လှန်ရေးမှာတော့ သဘောထားတွေ ဖြစ်နိုင်သမျှ တိုက်ဆိုင်နိုင်အောင်၊ သဘောမျှနိုင်အောင် ကြိုးစားကြရမယ်လို့လည်း ပြောပါတယ်။
ဒီနှစ်အတွင်းမှာ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန် စတဲ့ လွှတ်တော်အသီးသီးကနေ ကြားကာလအခြေခံဥပဒေ၊ ကြားကာလအစီအမံ စသဖြင့် ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖက်ဒရယ်ယူနစ်အစိုးရအသီးသီး ပေါ်ပေါက်လာနိုင်ဖို့ အားထုတ်ကြိုးပမ်းတာကို မြင်တွေ့ရတာဟာ တော်လှန်ရေးရဲ့ အသီးအပွင့်တွေကို ခံစားနေရပြီလို့ ထင်မှတ်မိကြောင်း သူက ပြောပါတယ်။
ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီလုပ်ငန်းစဉ်တွေဟာ ကျနော်တို့ ရည်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက် အကောင်းဆုံး အခြေခံအုတ်မြစ်တွေအနေနဲ့ ဖြစ်တည်နေပြီဆိုတာကိုလည်း ရဲရဲဝံ့ဝံ့ ပြောကြားလိုပါတယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ပေါ်ပေါက်လာနေပြီဖြစ်တဲ့၊ ပေါ်ပေါက်လာဖို့ ကြိုးပမ်းနေဆဲဖြစ်တဲ့ ဖက်ဒရယ်ယူနစ်များမှ လွှတ်တော်များ အပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးနဲ့ အကြိမ်ပေါင်းများစွာ တွေ့ဆုံတိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေပါကြောင်းလည်း ကိုယ်စားလှယ်တော်ကြီးများကို လေးစားစွာ တင်ပြလိုပါတယ်။ ဖက်ဒရယ်ယူနစ်အစိုးရများ ပေါ်ပေါက်လာချိန်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတာကိုလည်း လေးလေးနက်နက် ကတိပြုလိုပါတယ်။ အုပ်ချုပ်ရေး၊ စစ်ရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဖက်ဒရယ်ယူနစ်အစိုးရများ ပူးပေါင်းအကောင်အထည်ဖော်ချိန်မှာ ရွေးကောက်ပွဲခံ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ဒီမိုကရေစီနည်းလမ်းတကျ ပြည်သူ့ဆန္ဒနဲ့အညီ မိမိတို့ဒေသအကျိုးအတွက် ပူးပေါင်းပါဝင် ပံ့ပိုးကူညီမှုတွေဟာလည်း အင်မတန် အရေးတကြီး လိုအပ်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ ပထမဆုံးဦးတည်ချက်က အကြမ်းဖက်စစ်အုပ်စုကို ဖြိုချဖို့ဖြစ်တဲ့အတွက် အားလုံး ဒီထက်ပိုစုစည်းပြီး ပိုအလုပ်လုပ်ကြဖို့ သူက တိုက်တွန်းပါတယ်။
“၂၀၂၅ ခုနှစ်ဟာ ကျနော်တို့ ဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်ရေးရဲ့ စိန်ခေါ်မှုတွေ အများဆုံးဖြစ်နေတဲ့၊ အရှိန်မြင့်နေတဲ့ ကာလတခုကို ရောက်ရှိဖြတ်သန်းနေရတာဖြစ်ပြီး စစ်ရေးကဏ္ဍဘက်မှ အရှိန်အဟုန်တွေက ပြင်းထန်သလို နိုင်ငံရေးကဏ္ဍဘ က်မှာလည်း ပိုမိုခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ဆွေးနွေးဆုံးဖြတ်ကြရမဲ့အရာတွေ အများကြီးကြုံတွေ့လာကြရတယ်ဆိုတာ ကိုယ်စားလှယ်တော်ကြီးများ အားလုံးလည်း သိရှိပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံရေးမှာ အမြဲတမ်း သဘောထားတိုက်ဆိုင်နေတာတွေ မရှိဘူးဆိုတာ ပုံမှန်သဘောတရားပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးမှာတော့ သဘောထားတွေက ဖြစ်နိုင်သမျှ တိုက်ဆိုင်နိုင်အောင်၊ သဘောမျှနိုင်အောင် ကြိုးစားကြရမှာပဲ ဖြစ်ပါတယ်။ လူ့အသက်တွေ အများကြီး စတေးပြီး တိုင်းပြည်ရဲ့အနာဂတ်ကိုရင်းကာ ဆင်နွှဲနေကြရတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဦးဆောင် တိုက်ပွဲဝင်နေသူတွေအတွက် ပိုပြီး တာဝန်ကြီးတဲ့တော်လှန်ရေးလည်း ဖြစ်ပါတယ်”
လက်ရှိအချိန်ကာလဟာ တော်လှန်ရေးဆင်နွှဲနေရတဲ့အချိန် ဖြစ်တာကြောင့် NUG အနေနဲ့ ပုံမှန်ကာလအစိုးရတရပ်ပုံစံမျိုး အပြည့်အဝစီမံဆောင်ရွက်နိုင်ဖို့အတွက် မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အားနည်းတာ၊ လူ့စွမ်းအားအရင်းအမြစ် မပြည့်စုံတာတွေနဲ့ ရုန်းကန်ရင်း ဖြစ်နိုင်သမျှ အကောင်းဆုံးအနေအထားတခု ဖြစ်အောင် ကြိုးပမ်းနေရတယ်လို့လည်း ပြောပါတယ်။
ပြီးတော့ တော်လှန်ရေးရဲ့ အခြေအနေအရ တရားစီရင်ရေးမဏ္ဍိုင်ကို သီးခြား မတည်ဆောက်နိုင်ခဲ့ပေမဲ့ တရားရေးဝန်ကြီးဌာနကို ဖွဲ့စည်းပြီး မြေပြင်တရားဥပဒေစိုးမိုးရေးကို လုပ်နေတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ကလုပ်မဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေက လက်မခံကြောင်းကို နည်းလမ်းပေါင်းစုံနဲ့ ပြသကြဖို့ လိုအပ်နေတဲ့ အချိန်ကာလမှာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကနေတဆင့် ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီတွေနဲ့ ပြည်သူ့ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်တွေအားလုံးရဲ့ တည်ရှိမှုနဲ့ အခန်းကဏ္ဍဟာလည်း အင်မတန်အရေးကြီးတယ်လို့ ခံယူကြောင်းလည်း ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးကို ဒီဇင်ဘာ ၁၈ နဲ့ ၁၉ ရက်၊ ၂ ရက် ကျင်းပမှာ ဖြစ်ပါတယ်။


