Home
မြန်မာသတင်း
စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို နှုတ်ဆိတ်မနေရန် NUG တိုက်တွန်း 
DVB
·
December 12, 2025

နိုင်ငံတကာအနေနဲ့ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့ပတ်သက်လို့ နှုတ်ဆိတ်မနေဘဲ အသံတိတ်နေရတဲ့ မြန်မာပြည်သူတွေကိုယ်စား ဖွင့်ဟပြောဆိုပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NGU) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့က ပုံမှန်ပြုလုပ်နေကျဖြစ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားတဲ့ အစီအစဉ်ကနေ ပြောသွားတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စု စနစ်တကျကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သေသေချာချာ စောင့်ကြည့်လေ့လာပြီး အရေးယူဖို့၊ တရားလက်လွတ် ဖမ်းဆီးတာတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးလွတ်မြောက်ရေးအတွက် စစ်အုပ်စုကို ဖိအားပေးဖို့လည်း NUG ကတိုက်တွန်းပါတယ်။

စစ်အုပ်စုဟာ သူတို့ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို နှောင့်ယှက်တားဆီးတာနဲ့ ဖျက်ဆီးတာကနေ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ ဆိုတဲ့ခေါင်းစဉ်နဲ့ မတရားဥပဒေတခုကို ထုတ်ပြန်ပြီးနောက် တရားမဲ့ဖမ်းဆီးပြီး ပြည်သူလူထုရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ်ထိပါး နှောက်ယှက်ကျူးလွန်လာနေတယ်လို့ ဆိုပါတယ်။

အဲဒီမတရားဥပဒေမှာ စစ်တပ်ကလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို နှောင့်ယှက်တယ်လို့ ယူဆရတဲ့ စကားပြောဆိုမှုတွေနဲ့ အွန်လိုင်းပေါ်ကဖော်ပြမှုတွေ အပါအဝင် လုပ်ဆောင်မှုမျိုးစုံကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး ထောင်ဒဏ် ၃ နှစ်ကနေ သေဒဏ်အထိချမှတ်နိုင်တယ်လို့ သတ်မှတ်ထားသလို လက်ရှိမှာ ထင်ရှားတဲ့ အနုပညာရှင်တွေအပါအဝင် ပြည်သူအများအပြားကို ဖမ်းဆီးထားပါတယ်။

ဦးနေဘုန်းလတ်က “ဒီအချက်အလက်တွေအရ အကြမ်းဖက်စစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲကို အကြောင်းပြုပြီး ပြည်သူလူထုရဲ့ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်နဲ့ အင်တာနက်လွတ်လပ်ခွင့်တွေကို အကြီးအကျယ် ချိုးဖောက်လျက်ရှိကြောင်း ထင်ရှားတာကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အောက်ပါတို့ကိုဆောင်ရွက်ရန် အရေးတကြီးလိုအပ်ကြောင်း တိုက်တွန်း လိုပါတယ်။ အကြမ်းဖက်စစ်အုပ်စု စနစ်တကျကျူးလွန်နေသော စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သေချာစွာ စောင့်ကြည့်လေ့လာပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းခြင်း၊ ယခုလို တရားလက်လွတ် ဖမ်းဆီးမှုတွေကို ပြင်းထန်စွာရှုတ်ချပြီး ဖမ်းဆီးခံထားရသူများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် စစ်အုပ်စုအားဖိအားပေးခြင်း၊ စစ်အုပ်စု၏  လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး နှုတ်ဆိတ်မနေဘဲ အသံတိတ်နေရသည့် မြန်မာပြည်သူများကိုယ်စား ဖွင့်ဟပြောဆိုခြင်း၊ မြန်မာနိုင်ငံတွင် စစ်အာဏာတည်မြဲရေးနှင့် စစ်ရာဇဝတ်ကောင်များ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိရေးတို့အတွက် ရည်ရွယ်ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲနှင့် ၎င်းကတဆင့် ပေါ်ထွက်လာမည့် အမည်ခံရုပ်သေးအစိုးရကို အသိအမှတ်မပြုကြောင်း ထုတ်ပြန်ကြေညာခြင်း   တို့ဖြစ်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတကာက ဆိုက်ဘာလိမ်လည်မှုတွေကို နှိမ်နှင်းဖို့ကြိုးစားလာတာကြောင့် အကြမ်းဖက်စစ်တပ်ဟာ KK park လို ငွေကြေးလိမ်လည်မှုစင်တာကို  အယောင်ပြဖြိုခွင်းပြခဲ့ပြီး ကရင်ပြည်နယ်ရဲ့ တခြားနေရာ ၂ နေရာကို ပြောင်းရွှေ့ပြီး ငွေကြေးလိမ်လည်မှုစင်တာတွေကို ပြန်လည် လည်ပတ်နိုင်ဖို့ စီစဉ်နေတာတွေကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အထူးသတိထား စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဆိုက်ဘာလိမ်လည်မှုလုပ်ငန်း ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ဖို့အတွက် နိုင်ငံတကာရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း သူက ဖိတ်ခေါ်လိုက်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013