
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆင်တက်မော် မွတ်ဆလင်ကျေးရွာက ငါးဖမ်းသမား ၂၈ ယောက်ကို စစ်ကောင်စီရဲ့ ရေတပ်သင်္ဘော ၂ စီးက ဖမ်းဆီးသွားတယ်လို့ ပေါက်တောဒေသခံတွေက ပြောပါတယ်။
မွတ်ဆလင် ငါးဖမ်းသမားတွေဟာ ပေါက်တောမြို့နယ်ရှိ ပင်လယ်ပြင်မှာ စက်လှေ ၃ စင်းနဲ့အတူ ငါးဖမ်းနေကြစဉ်မှာ စစ်ကောင်စီရဲ့ နေဗီ ၂ စီးက ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ကျောက်ဖြူမြို့နယ်ဘက်ကို ခေါ်ဆောင်သွားခဲ့တယ်လို့ ပေါက်တောဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဆင်တက်မော်က မွတ်ဆလင် ရေလုပ်သား ၂၈ ဦး ဖမ်းဆီးခံလိုက်ရတယ်ဆိုတာ ကျနော်တို့ သိထားရတယ်။ သူတို့က ပေါက်တောမြို့နယ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ငါးဖမ်းနေကြစဉ်မှာ စစ်ကောင်စီ နေဗီနှစ်စင်းက ဖမ်းဆီးသွားတာလို့ သိရတယ်။ သူတို့က စားဝတ်နေရေးအတွက် အသက်စွန့်ပြီးတော့ ငါးဖမ်းထွက်နေကြရတာ။ သူတို့ကို ကျောက်ဖြူဘက်ကို ခေါ်ဆောင်သွားတယ်လို့ သိရတယ်။ စစ်ကောင်စီ နေဗီတွေကို ပင်လယ်ပြင်မှာ ငါးဖမ်းသမားတွေကို မကြာခဏဖမ်းဆီးပြီးတော့ ငွေညှစ်တာ၊ ညှဉ်းပန်းနှိပ်စက်ကြတာတွေ ရှိတယ်။”
ဖမ်းဆီးခံလိုက်ရတဲ့ ငါးဖမ်းသမားတွေမှာ အသက် ၁၆ နှစ်အရွယ် လူငယ်တွေကနေ အသက် ၅၀ အရွယ်တွေအထိ ပါဝင်ကြပြီး သူတို့နဲ့အတူ စက်လှေ ၃ စင်းကိုလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်တောမြို့နယ်က ဒေသတွေဟာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာဖြစ်ပြီး စစ်ကောင်စီက ရေလုပ်သားတွေကို မကြာခဏ ဖမ်းဆီးနေတာကြောင့် ဒေသခံတွေ စားဝတ်နေရေးအတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ ပေါက်တောမြို့ အလယ်ဖရုံကာကျွန်းနေ အမျိုးသားတယောက်က ပြောပါတယ်။
“ကျနော်တို့ ဖရုံကာ ၃ ကျွန်းဆိုရင် ရေလုပ်ငန်းနဲ့ပဲ အဓိက သက်မွေးဝမ်းကျောင်း ပြုလုပ်နေကြတာ။ ရခိုင်မှာ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ငါးဖမ်းခွင့် ပိတ်ပင်ထားတာကြောင့် ငါးဖမ်းတာတွေကို မလုပ်ကြရဘူး။ ကမ်းနီးလောက်ပဲ အနည်းငယ် ငါးဖမ်းကြရတယ်။ ကမ်းဝေးနည်းနည်းထွက်ဖမ်းရင် စစ်ကောင်စီက ဖမ်းဆီးပြီးတော့ ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်တယ်။ AA တပ်တွေ ရှိလားဆိုပြီး မေးတယ်။ မသိဘူးပြောရင် ရိုက်နှက်မှုတွေ လုပ်တယ်။ ငါးဖမ်းမထွက်ရတော့ စားဝတ်နေရေးက အတော်လေးကို ကျပ်တည်းမှုဖြစ်နေကြတယ်။”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကလည်း ပေါက်တောမြို့နယ်၊ ဖဒူချေကျေးရွာက ငါးဖမ်းသမား ၅ ယောက်ကို ငါးဖမ်းဘုတ်တစီးနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ပေါက်တောမြို့နယ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတည်းက သိမ်းပိုက်ထားပေမဲ့ ပင်လယ်ပြင်မှာတော့ စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောတွေ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


