
ရန်ကုန်မြို့လယ်၊ ဆူးလေလူကူးခုံးကျော်တံတားပေါ်မှာ ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းက အမျိုးသမီးတယောက် သေဆုံးနေလို့ ရုပ်အလောင်းကို သွားရောက်သယ်ပေးခဲ့တယ်လို့ ကျောက်တံတားမြို့နယ် အခြေစိုက် လင်းလက် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ကျောက်တံတားမြို့နယ်၊ ၁ ရပ်ကွက်မှာရှိတဲ့ ဆူးလေ ခုံးတားပေါ်မှာ သေဆုံးနေတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးရဲ့ ရုပ်အလောင်းကို ကျောက်တံတား အရန်မီးသတ်တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူ အမျိုးသမီးမှာ ခန္ဓာကိုယ်ပိန်လှီနေပြီး ကျန်းမာရေးချို့ယွင်းကာ အာဟာရပြတ်ခဲ့ပုံရတယ်လို့ ကိုယ်တိုင်တွေ့မြင်ခဲ့တဲ့ ၃၂ လမ်းမှာ ဈေးရောင်းနေသူတယောက်က ပြောပါတယ်။
“အဲဒီတံတားမှာက အိမ်ခြေမဲ့တွေကို ပေးမနေဘူး။ လုံခြုံရေးအရရော၊ အချက်အချာကျတဲ့နေရာ ဖြစ်နေလို့။ သေဆုံးတဲ့ အမျိုးသမီးက ဘယ်အချိန်တည်းက အသက်မရှိတော့တာလဲ မသိဘူး။ သတိထားမိတဲ့ လမ်းသွားလမ်းလာက သက်ဆိုင်ရာကို လှမ်းအကြောင်းကြားတာလို့ သိရတယ်။”
ဗိုလ်တထောင်မြို့နယ်၊ ကမ်းနားလမ်းမပေါ်က လူကူးခုံးကျော်တံတားမှာ စက်တင်ဘာ ၂၅ ရက်က အလားတူ အမျိုးသမီးတယောက် သေဆုံးခဲ့တဲ့ဖြစ်ရပ် ရှိခဲ့ပါတယ်။
ဗိုလ်တထောင်ဘုရားမှာ သေဆုံးသူ အမျိုးသမီးမှာ အသက် ၅၅ နှစ်အရွယ် အိမ်ရာမဲ့ သက်ကြီးပိုင်း ဖြစ်သလို ကျန်းမာရေးမကောင်းဘဲ အာဟာရပြတ်လပ်ခဲ့သူတယောက် ဖြစ်ပြီး ပိုင်ရှင်မဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းကပဲ ရန်ကုန်ဆေးရုံကြီးဆီ ပို့ပေးခဲ့ရတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ အာဏာသိမ်းပြီးနောက်ပိုင်း အိမ်ရာမဲ့တွေ များလာသလို အခုလို လမ်းဘေးမှာ အာဟာရပြတ်တဲ့ အနေအထားနဲ့ သေဆုံးနေသူတွေ တွေ့လာရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ဆိုပါတယ်။


