
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူတယောက်ဟာ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ လက်ပံတန်းမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။
လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “လက်နက်ခဲယမ်းတွေနဲ့အတူ အခုအလင်းဝင်လာသူဟာ ပေါ်တာဆွဲခံရပြီး လက်ပံတန်းမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စကစ စစ်ကြောင်းထဲမှာ ပါလာတဲ့ စစ်မှုထမ်းတပ်သားသစ် ကိုဝင်းနိုင်ဆန်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
သူဟာ MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ အီနာဂါဗုံးသီး ၄ လုံးတို့အပြင် ကျည်အတောင့် ၂၀၀ တို့နဲ့အတူ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ပံတန်းမြို့နယ် ပကဖ တာဝန်ရှိသူက “အလင်းဝင်လာတဲ့ ကိုဝင်းနိုင်ဆန်း ရဲ့ ကိုယ်ပိုင်နံပါတ်က ပစ-၁၇၁၉၁၀ ဖြစ်ပြီးတော့ ဇာတိက မကွေးတိုင်း၊ စလင်းမြို့နယ်ထဲကပါ။ အသက်က ၃၆ နှစ်ရှိပါပြီ။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ဘက်ကို အလုပ်လုပ်သွားရင်း ပေါ်တာဆွဲခံရပြီး စစ်သင်တန်းအပတ်စဉ် ၁၅ ဝဲကလီကနေဆင်းပြီး လက်ပံတန်းမြို့နယ်ထဲမှာ ဝင်နေတဲ့ စစ်ကြောင်းနဲ့ပါလာသူ ဖြစ်ပါတယ်။ အခုတော့ သူ့ကို လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားပြီးတော့ ဆုကြေးငွေချီးမြှင့်ပေးဖို့ကို ဆက်လက်ဆောင်ရွက်နေပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မတရားပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူတွေအနေနဲ့ နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံးချိတ်ဆက် အလင်းဝင်ရောက်ကာ ပြည်သူ့ဘက်ကို ရပ်တည်ကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။
လက်ပံတန်းမြို့နယ်ထဲက ဆင်တလင်းကျေးရွာစစ်ကောင်စီအထိုင်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီလက်အောက်ခံ ၂၀ လောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြပြီးတဲ့နောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဆင်တလင်းရွာဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။


