
လွန်ခဲ့တဲ့ ၃၆ နှစ်က တီယန်မန်ရင်ပြင် ကျောင်းသားဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းဖို့ ငြင်းဆန်ခဲ့တဲ့ တရုတ်စစ်ဗိုလ်ချုပ် ရှူချင်ရှန်းကို စစ်ခုံရုံးဖွဲ့ စစ်ဆေးနေတဲ့ ဗီဒီယိုဖိုင်မှတ်တမ်းတခု ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှာ ပေါက်ကြားလာခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ဇွန် ၄ ရက် (June 4th) အရေးအခင်း၊ တီယန်မန်ရင်ပြင်နဲ့ ပတ်သက်တဲ့ စကားလုံးအားလုံးကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ဆင်ဆာဖြတ်ပြီး ဒီမိုကရေစီရေး ကျောင်းသားလှုပ်ရှားမှုကို သမိုင်းထဲက ဖျောက်ဖျက် ထားလေ့ရှိတဲ့ တရုတ်အစိုးရဟာ အခုလို ၆ နာရီကျော်ကြာ ခုံရုံးမှတ်တမ်းဗီဒီယို ပေါက်ကြားလာတာနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန်ပြောဆိုတာမျိုးတော့ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ ဒီဗီဒီယို ပေါက်ကြားခဲ့တဲ့ ရက်ပိုင်းမှာပဲ တရုတ်အစိုးရရဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ဗျူရို အကြီးအကဲတွေ ရာထူးကနေ ဖယ်ရှားခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ X လူမှုကွန်ရက်မှာ ထွက်ပေါ်ခဲ့ပါတယ်။ လွတ်လပ်တဲ့ အတည်ပြုချက်ရဖို့တော့ မလွယ်ပါဘူး။
ဗိုလ်ချုပ် ရှူချင်ရှန်း ဘယ်သူလဲ
ဗိုလ်ချုပ် ရှူချင်ရှန်းကို ၁၉၃၅ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကိုရီးယားစစ်ပွဲပြန် ဝါရင့်စစ်သားကြီးတဦး ဖြစ်ပါတယ်။ အသက်မပြည့်သေးလို့ စစ်တပ်ထဲဝင်ခွင့် ငြင်းပယ်ခံရချိန်မှာ ကိုယ့်လက်ချောင်းကို ကိုက်ပြီး သွေးနဲ့ လျှောက်လွှာရေးခဲ့တဲ့အထိ စစ်သားစိတ် ပြင်းထန်သူလို့ တွေ့ရပါတယ်။ သူဦးဆောင်တဲ့ တပ်မ ၃၈ (38th Group Army) ဆိုတာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အထူးချွန်ဆုံးတပ်ဖွဲ့ဖြစ်ပြီး "တော်ဝင်အစောင့်တပ်"လို့တောင် တင်စားကြတဲ့ အထက်တန်းစားတပ်မကြီး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ သူဟာ ဗိုလ်ချုပ်ရာထူး ရခဲ့တာပါ။
တီယန်မန်ရင်ပြင် ကျောင်းသားလှုပ်ရှားမှု
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်၊ ရှစ်လေးလုံးအရေးတော်ပုံကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ မရှေးမနှောင်းမှာပဲ တရုတ်ကျောင်းသားလှုပ်ရှားမှုကြီး ဖြစ်ပွားခဲ့တာပါ။ ၁၉၈၉ ခုနှစ်၊ ဧပြီလမှာ တရုတ်တက္ကသိုလ်ကျောင်းသားတွေဟာ ဒီမိုကရေစီရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ သတင်းလွတ်လပ်ခွင့်တွေ တောင်းဆိုပြီး တီယန်မန်ရင်ပြင်မှာ ဆန္ဒပြခဲ့ကြပါတယ်။ မေလမှာတော့ အစာငတ်ခံဆန္ဒပြပွဲတွေနဲ့အတူ အင်အားကြီးမားလာခဲ့ပြီး သိန်းနဲ့ချီတဲ့ ဆန္ဒပြကျောင်းသားတွေကို သိန်းပေါင်းများစွာရှိတဲ့ ပြည်သူလူထုကလည်း ရင်ပြင်တဝိုက်မှာ ဝန်းရံထောက်ခံခဲ့ကြပါတယ်။ မြို့တော် ပေကျင်းသာမက ရာနဲ့ချီတဲ့ တခြားမြို့ပေါင်းများစွာကိုလည်း ဆန္ဒပြပွဲတွေ ပျံ့နှံ့ကူးစက်ခဲ့ပါတယ်။
တီယန်မန်အရေးအခင်း ဖြစ်ချိန်မှာ ဗိုလ်ချုပ်ရှူဟာ ကျောက်ကပ်ရောဂါနဲ့ ပေကျင်းစစ်ဆေးရုံမှာ ကုသမှုခံယူနေရတာပါ။ ရုပ်မြင်သံကြားကနေ ကျောင်းသားတွေရဲ့ အစာငတ်ခံဆန္ဒပြပွဲတွေကို ကြည့်ပြီး စာနာစိတ်ဖြစ်လို့ သူကိုယ်တိုင် မျက်ရည်ကျခဲ့ရတယ်လို့ မှတ်တမ်းတချို့မှာ ဖော်ပြပါတယ်။ မေလ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ ပေကျင်းစစ်ဒေသ ကွပ်ကဲမှုဌာနချုပ်က သူ့ကိုဆင့်ခေါ်ပြီး တပ်အင်အား ၁၅,၀၀၀၊ သံချပ်ကာကားတွေသုံးပြီး စစ်အုပ်ချုပ်ရေးလုပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့ ဗိုလ်ချုပ်ရှူကတော့ ဒီအမိန့်ကို လိုက်နာဖို့ ငြင်းဆိုခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းအရ ကန့်ကွက်ရာမှာ နှုတ်မိန့်ကို လက်မခံဘဲ စာနဲ့ အမိန့်တောင်းဆိုခဲ့ပေမဲ့ ပါတီခေါင်းဆောင်ပိုင်းက "ဒါဟာစစ်မက်ဖြစ်ပွားချိန်မဟုတ်ဘူး" လို့ တုံ့ပြန်ခဲ့ပါတယ်။ တဘက်မှာလည်း အဲဒီအချိန်က ပါတီအထွေထွေအတွင်းရေးမှူး ကျော့ကျိယန်ရဲ့ လက်မှတ် မပါဝင်တာကြောင့် ဒီအမိန့်ဟာ မခိုင်လုံဘူးလို့ သူက ယူဆခဲ့ပါတယ်။ "ပြည်သူ့တပ်မတော်ဟာ ပြည်သူကို မပစ်ခတ်သင့်ဘူး"၊ "ကျနော့်ကို ခေါင်းဖြတ်သတ်ရင် သတ်ပါ၊ သမိုင်းတရားခံတော့ အဖြစ်မခံနိုင်ဘူး"လို့ သူက ပြောဆိုခဲ့ပါတယ်။
ပေါက်ကြားလာတဲ့ စစ်ခုံရုံးမှတ်တမ်းဗီဒီယို
မကြာခင်က ပေါက်ကြားလာတဲ့ ၁၉၉၀ ပြည့်နှစ်၊ မတ်လ ၁၇ ရက် စစ်ခုံရုံးဗီဒီယိုထဲမှာ ဗိုလ်ချုပ် ရှူကို အရပ်ဝတ်နဲ့ တည်တည်ငြိမ်ငြိမ်ပဲ ကိုယ်တိုင်လျောက်လဲ ဖြေကြားနေတာ တွေ့ရပါတယ်။ တရုတ်လို ပြောဆိုထားတဲ့ သူ့ရဲ့ ထွက်ဆိုချက်ရဲ့ YouTube English အနှစ်ချုပ်ဘာသာပြန်အရ "ဒီပြဿနာဟာ နိုင်ငံရေးဖြစ်လို့ စစ်ရေးနဲ့ မဖြေရှင်းသင့်ဘူး"၊ "လူထုနဲ့ ကျောင်းသား၊ လူကောင်းနဲ့ လူဆိုး ရောနှောနေတာမို့ ဘယ်သူ့ကို ပစ်မှတ်ထားရမှာလဲ" လို့ မေးခွန်းထုတ်ခဲ့တာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်အသုံးပြုဖို့ကို နိုင်ငံတော်အဆင့် (NPC) က ဆုံးဖြတ်သင့်ပြီး ပါတီနာမည်နဲ့ အမိန့်ပေးတာဟာ မသင့်လျော်ကြောင်း ထောက်ပြပါတယ်။ ဗဟိုစစ်ကော်မရှင်က သူ့ကို ရာထူးက ဖြုတ်နိုင်ပေမဲ့ လက်နက်ကိုင်တပ်ကို မြို့ထဲမောင်းသွင်းမဲ့ အမိန့်ကိုတော့ သူကိုယ်တိုင် မလုပ်ဆောင်နိုင်ဘူးလို့လည်း ပြောပါတယ်။
နောက်ဆက်တွဲ အကျိုးဆက်
စစ်အုပ်ချုပ်ရေးအမိန့်ကို ဖီဆန်မှုနဲ့ ဗိုလ်ချုပ်ရှု ဖမ်းဆီးခံရပြီးနောက် သူ့နေရာမှာ အစားထိုးလိုက်တဲ့ တပ်မှူးသစ် Zhang Meiyuan လက်အောက်မှာတော့ တပ်မ ၃၈ ဟာ တီယန်မန်ရင်ပြင်မှာ ရက်ရက်စက်စက် နှိမ်နင်းတဲ့ လက်မရွံ့တပ်ဖွဲ့ ဖြစ်လာပါတယ်။ ကျောင်းသားနဲ့ အရပ်သား မခွဲခြားဘဲ အစုလိုက်အပြုံလိုက် ဖြိုခွဲနှိမ်နင်းခဲ့ပါတယ်။ ၂၄၁ ဦး သေဆုံးတယ်လို့ တရုတ်အစိုးရက ကြေညာခဲ့ပေမဲ့၊ ၂,၀၀၀ ကျော် ၃,၀၀၀ နီးပါး ပစ်သတ်ခံခဲ့ရတယ်လို့ ကြက်ခြေနီနဲ့ ကျောင်းသားအဖွဲ့အစည်းတွေက ခန့်မှန်းပါတယ်။
ဆန္ဒပြကျောင်းသားတွေအပေါ် သဘောထားပျော့ပြောင်းခဲ့တဲ့ ပါတီအထွေထွေအတွင်းရေးမှူး ကျော့ကျိယန်ဟာ အဲဒီဇွန်လထဲမှာပဲ ရာထူးကဖယ်ရှားခံရပြီး နေအိမ်အကျယ်ချုပ်ချမှတ်ခံခဲ့ရသလို အဲဒီချိန်က ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် သဘောကျတဲ့ ကျန်ဇီမင်းက အထွေထွေအတွင်းရေးမှုးချုပ်သစ် ဖြစ်လာပါတယ်။ ဗိုလ်ချုပ်ရှူဟာလည်း စစ်မိန့်ဖီဆန်ခဲ့တဲ့အတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရပြီး ပါတီကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ သူ့ကို ပေကျင်းကနေ Shijiazhuang မြို့ဆီ ပြည်နှင်ဒဏ်ခတ်ခဲ့ပြီး ရာထူးနဲ့ ခံစားခွင့်တွေ အားလုံး လျှော့ချခံခဲ့ရပါတယ်။
၂၀၁၁ ခုနှစ်မှာတော့ ဟောင်ကောင်အခြေစိုက် Apple Daily သတင်းစာဟာ နှစ်အတော်ကြာ လူမြင်ကွင်းက ပျောက်ကွယ်သွားတဲ့ ဗိုလ်ချုပ် ရှူချင်ရှန်းကို ရှာဖွေပြီး အင်တာဗျူးခဲ့ပါတယ်။ အဲဒီအချိန်က သူ့လုပ်ရပ်အပေါ် နောင်တမရကြောင်း အင်တာဗျူးမှာဖြေဆိုခဲ့တာဟာ တရုတ်အစိုးရကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီး သူ့အပေါ် ကန့်သတ်ချက်တွေ ပိုတိုးလာခဲ့ပါတယ်။ အမြဲတမ်း အစောင့်အကြပ်တွေ ချထားတာ၊ နေအိမ်နေရာ ပြောင်းရွှေ့တာနဲ့ သွားလာခွင့် ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ရှူဟာ နေအိမ်အကျယ်ချုပ် စောင့်ကြည့်မှုအောက်မှာနေရင်း ၂၀၂၁ ခုနှစ်၊ အသက် ၈၅ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
လက်ရှိ သမ္မတ ရှီကျင့်ဖျင်ရဲ့ သမ္မတ ၅ နှစ်သက်တမ်း ၂ ဆက် အကန့်အသတ် ပြင်ဆင်ချက်ကို ၂၀၁၈ က ပြဋ္ဌာန်းလိုက်ပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၀၂၃ ကပဲ သူ့ရဲ့ တတိယမြောက် ၅ နှစ်သက်တမ်း ဖြစ်လာခဲ့ပါပြီ။ ရှီဟာ တရုတ်နိုင်ငံရဲ့ ရာသက်ပန် သမ္မတကြီး ဖြစ်လာတော့မဲ့အပြင် အဓိက အာဏာစက်ဖြစ်တဲ့ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးတွေကိုလည်း ရာသက်ပန် အားလုံး ချုပ်ကိုင်ထားတာပါ။ သမ္မတ ရှီနဲ့ ပတ်သက်လို့ တရုတ်ကွန်မြူနစ်ပါတီတွင်း အားပြိုင်မှုတွေ၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ထဲက ဖြုတ်ထုတ်သတ် သတင်းသဲ့သဲ့တွေ မကြာခဏ ထွက်ပေါ်နေချိန်လည်း ဖြစ်ပါတယ်။ တီယန်မန်အရေးအခင်းနဲ့ ပတ်သက်ရင် သတင်းအမှောင်ချ ဆတ်ဆတ်ထိမခံတဲ့ တရုတ်အစိုးရနဲ့ ထုတ်ဖေါ်ပြောဆိုခွင့်လုံးဝကင်းမဲ့တဲ့အခြေအနေမှာ ဗိုလ်ချုပ်ရှုရဲ့ ၆ နာရီကြာ ဗီဒီယိုမှတ်တမ်း ပေါက်ကြားမှုက သာမန် မတော်တဆ စိမ့်ထွက်မှုတခုလား၊ အချက်ပြ လျို့ဝှက်သင်္ကေတတခုခုကို သယ်ဆောင်လာသလား၊ တိုက်ဆိုင်မှုသက်သက်ပဲလားဆိုတာကတော့ ကောက်ချက်ချရ ခက်ခဲလွန်းပါလိမ့်မယ်။
YouTube ဗီဒီယိုအောက်မှာတော့ တရုတ်ပြည်သူ ပရိသတ်တွေပေးတဲ့ လေးစားဂုဏ်ပြုတဲ့ မှတ်ချက်တွေ သူရဲ့ သူရဲကောင်းစိတ်ဓာတ်ကို ဂုဏ်ယူ ချီးကျူးအားပေးတဲ့စကားသံတွေက ထောင်ပေါင်းများစွာထိ တိုးလာနေတာ တွေ့ရပါတယ်။ မြင့်မြတ်တဲ့ စစ်သည်တော် တယောက်အနေနဲ့ သမိုင်းဟာ သူ့ကို ထာဝရမှတ်မိနေကြလိမ့်မယ်ဆိုတဲ့ တရုတ်ဘာသာနဲ့ မှတ်ချက်မျိုးတွေ ဖတ်ရပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ အမြင့်ဆုံးအာဏာရှိတဲ့ ပေါလစ်ဗျူရိုဖြစ်ဖို့ အလားအလာတွေရှိနေတဲ့ အဆင့်မြင့် စစ်ဗိုလ်ချုပ်တဦးအနေနဲ့ အနာဂတ်၊ ရာထူးနဲ့ အခွင့်အရေးအားလုံးကို စွန့်လွှတ်ပြီး "သမိုင်းတရားခံ" အဖြစ်မခံဘဲ ရပ်တည်ခဲ့တဲ့ ဗိုလ်ချုပ် ရှူအကြောင်းဟာ စစ်ဘက်အရပ်ဘက် လေ့လာချက်တွေမှာ သင်ခန်းစာတခုအနေနဲ့ နှစ်ပေါင်းများစွာ ပြန်လှန်ကိုးကားနေရဦးမယ်လို့ မှန်းဆရမှာပါပဲ။
သန်းဝင်းထွဋ်
Ref: China Digital Time, The Times, Vision Times The Economist,
တရုတ်စစ်ဗိုလ်ချုပ် ရှူချင်ရှန်းကို စစ်ခုံရုံးဖွဲ့ စစ်ဆေးနေသည့်မှတ်တမ်းရုပ်သံလင့်ခ်


