
အကျင့်ပျက် လာဘ်စားမှုနဲ့ ဖမ်းဆီးပြီး စစ်ခုံရုံးတင် စစ်ဆေးခံနေရတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်က စစ်ကောင်စီတပ်အရာရှိ ၄ ယောက်ကို သေဒဏ်အပါအဝင် ပြစ်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တယ်လို့ အနောက်တောင်တိုင်းစစ်ဌာနချုပ် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ပုသိမ်-မုံရွာ လမ်းမကြီးနဲ့ ဂွ-ငါးသိုင်းချောင်း လမ်းဆုံမှာရှိတဲ့ ရေနံ့သာ စစ်ဆေးရေးဂိတ်မှာ စက်သုံးဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါး အပါအဝင် ကုန်ပစ္စည်းတွေကို လာဘ်ငွေ သိန်းထောင်ပေါင်းများစွာ ရယူပြီး ရခိုင်ဘက် သယ်ယူခွင့် ပြုခဲ့တာကြောင့်ဆိုပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာ ၇ ရက်က အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးအောင်ဆန်းလွင်၊ ဒုတိယဗိုလ်မှူးကြီးကျော်စွာထွန်း၊ ဗိုလ်မှူးချုပ်ကျော်စိုးလွင်၊ ဒုတိယဗိုလ်မှူးကြီးမျိုးဇော်အောင် အပါအဝင် အရာရှိ ၁၀ ယောက်ထက်မနည်းကို စစ်ကောင်စီရဲ့ စစ်ခုံရုံးက စစ်ဆေးခဲ့ပြီး ဇူလိုင် ၁၃ ရက်မှာ စစ်အရာရှိ ၄ ယောက်ကို အပြီးသတ် အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ပထမ အရာရှိ ၆ ယောက်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ စစ်ဆေးတယ်။ ဒုတိယ ၄ ယောက်ကို အောက်တိုဘာလမှာ ထပ်စစ်ဆေးတယ်။ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ် (စရဖ) ကပဲ စစ်ဆေးခဲ့တာပါ။ အခု အမိန့်ချခံရတာက ၄ ယောက်လို့ သိရတယ်။ ကျန်တဲ့သူတွေတော့ ဘယ်လို အပြီးသတ်သွားလဲ မသိသေးဘူး” လို့ ပြောပါတယ်။
စစ်ခုံရုံးကနေ အမိန့်ချခံရတဲ့ စစ်ကောင်စီရဲ့ အရာရှိ ၄ ယောက်ဟာ နတခတိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင် ထောင်ဒဏ် ၁၀ နှစ်၊ ဗိုလ်မှူးကြီးအောင်ဆန်းလွင်က ထောင်ဒဏ် အနှစ် ၂၀၊ ဒုတိယဗိုလ်မှူးကြီးကျော်စွာထွန်း သေဒဏ်နဲ့ ဒုတိယဗိုလ်မှူးကြီးမျိုးဇော်အောင်က ထောင်ဒဏ်တသက်တကျွန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
ပုသိမ်မြို့က စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ တပ်မိသားစုဝင်တယောက်က “အမိန့်ချတာ ဟုတ်တယ်။ အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးစစ်ဆေး အမိန့်ချခဲ့တာ။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေပါ အသိမ်းခံရတာလို့ သိရတယ်။ အမှုမှာပါဝင်တဲ့ အရာရှိတချို့ လွတ်နေသေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက အကျင့်ပျက်ခြစားတယ် ဆိုပြီး အခု ပြစ်ဒဏ်ချမှတ်ခံရတဲ့ ၄ ယောက် အပါအဝင် နောက်ထပ် အရာရှိ ၂ ယောက်၊ စုစုပေါင်း စစ်ကောင်စီတပ် အရာရှိကြီး ၆ ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကိုပါ စစ်ဆေးခဲ့တာကြောင့် လာဘ်စားမှုနဲ့ ရရှိထားတဲ့ အိမ်ခြံမြေ၊ လယ်ယာမြေ၊ KTV နဲ့ စားသောက်ဆိုင်၊ ဘဏ်စာအုပ် စတဲ့ ပိုင်ဆိုင်မှုတွေပါ စစ်ကောင်စီက သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။