Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ AA ဝင်ရောက်တိုက်ခိုက်မှုကိုတားဆီးရန် ဘုရားများတွင် အရေးပေါ် ယတြာခြေ
DVB
·
July 10, 2025

ဧရာဝတီတိုင်းထဲကို အာရက္ခတပ်တော် (AA)နဲ့ တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်လာတာကို တားဆီးဖို့အတွက် စစ်ကောင်စီခန့် ဧရာတီတိုင်း ဝန်ကြီးချုပ်တင်မောင်ဝင်းနဲ့ စစ်တိုင်းမှူးစိုးကျော်ထက်တို့ဟာ ပုသိမ်မြို့ပေါ်က ဘုရားစေတီတွေမှာ အရေးပေါ် ယတြာခြေနေကြတယ်လို့  တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူ ဆီကသိရပါတယ်။

ဇူလိုင် ၇ ရက် မနက်က စတင်ပြီး ပုသိမ်မြို့ရှိ သမိုင်းဝင် ရွှေမုဌော စေတီအပါအဝင် ဘုရားစေတီတွေမှာ ဧရာဝတီတိုင်းအတွင်း နယ်မြေတွေလက်လွှတ်ဆုံးရှုံးမှုမရှိစေရေးနဲ့ AAနဲ့ PDF တွေဝင်ရောက်တိုက်ခိုက်လာမှုကို တားဆီးရေးအတွက်ဆိုပြီး ယတြာခြေနေတာလို့ ဆိုပါတယ်။

တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူက''တပ်ချုပ်ရဲ့လမ်းညွှန်ချက်နဲ့လုပ်တာပါ။  ဇူလိုင် ၆ ရက် နေ့ကတည်းက ပြင်ဆင်ခိုင်းထားတာ။ ၇ ရက်မနက် မနက်စောစောပိုင်းကတည်းက အစိုးရအဖွဲ့ဝင်တချို့ အပါအဝင် တင်မောင်ဝင်းနဲ့ စိုးကျော်ထက်တို့က ဦးဆောင်ပြီး ယတြာခြေတာကိုလုပ်တာ”လို့ ပြောပါတယ်။

တိုင်းဝန်ကြီးချုပ်နဲ့ စစ်တိုင်းမှူးတို့လမ်း ကြောင်းရှိတာကြောင့် ပုသိမ်မြို့က ရွှေမုဌော စေတီအပါအဝင် ဘုရားစေတီတချို့မှာ ဇူလိုင် ၇ ရက် မနက်ပိုင်းက အရပ်သားတွေကို ဘုရားဝင်ရောက်ဖူးမြော်ခွင့်မပြုဘဲ ပိတ်ထားတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့ခံတယောက်က  ''ဘုရားကိုဝင်ခွင့်ပိတ်တာတင်မဟုတ်ဘူး။ လမ်းတချို့ပါပိတ်ထားတာ။ လူကြီးလမ်းကြောင်းလို့ပြောတာ။ နောက်စုံစမ်းကြည့်တော့မှ ယတြာခြေမှန်းသိရတာ။ စစ်ကားတွေ လည်းရှုပ်ယှက်ခက်နေတယ်”လို့  ပြောပါတယ်။

ယတြာခြေရာမှာ စစ်ကောင်စီတပ်၊ ရဲတွေ၊ ယာဉ်ထိန်းရဲတွေနဲ့ ပြည်သူ့စစ်တွေကပါ လမ်းဆုံ ၊လမ်းဂွတွေနဲ့ ဘုရားပရဝဏ်အနီးဝန်ကျင်မှာပါ လမ်းကြောင်း ရှင်းလင်းရေးနဲ့ လုံခြုံရေးယူပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုသိမ် ကျောက်ငူကမ်းနားလမ်းက ကမ္ဘာလုံးစေတီမှာလည်း ယတြာခြေဖို့ ပြင်ဆင်ထားပြီးလမ်း တလျှောက်မှာ စစ်သား၊ ရဲ ၊ ပျူစောထီးတွေနဲ့ ပြည်သူ့စစ်တွေက လုံခြုံရေးအပြည့်ယူထားတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013