
တရုတ်စီးပွားရေးလုပ်ငန်း အများအပြားကို နိုင်ငံခြားထောက်ပံ့မှုစည်းမျဉ်း (FSR) အရ ဥရောပကော်မရှင်ရဲ့ မကြာသေးခင်က အပြင်းအထန် စုံစမ်းစစ်ဆေးမှုတွေကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟေ့ယာ့တုန်းက ဒီဇင်ဘာ ၁၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဥရောပကော်မရှင်ဟာ တရုတ်စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ FSR စုံစမ်းစစ်ဆေးမှုတွေကို မကြာသေးခင်က စတင်ခဲ့ကြောင်းကို တရုတ်နိုင်ငံက သတိပြုမိထားကြောင်းလည်း သူက ပြောဆိုပါတယ်။
ဟေ့ယာ့တုန်းက “အဲဒီအစီအမံတွေမှာ တရုတ်နိုင်ငံပိုင် ရထားလမ်းဆိုင်ရာ ထုတ်ကုန်တွေနဲ့ဆိုင်တဲ့ CRRC Corp နဲ့ တရုတ်အစိုးရ တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ လုံခြုံရေး စစ်ဆေးရေး ထုတ်ကုန်ကုမ္ပဏီ Nuctech တို့ကို နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးမှုတွေအပြင် တရုတ်ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေကို ကွင်းဆင်းစစ်ဆေးခြင်းတွေ ပါဝင်နေပါတယ်။ အဲဒီလို လုပ်ဆောင်ချက်တွေဟာ ရွေးချယ်ပစ်မှတ်ထားခြင်းနဲ့ ခွဲခြားဆက်ဆံတဲ့ အလေ့အကျင့်တွေကို ပြသနေတာပါ။ ဒါကြောင့် တရုတ်နိုင်ငံဟာ ဒီလုပ်ဆောင်ချက်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” လို့ ပြောသွားတာပါ။
ဥရောပကော်မရှင်အနေနဲ့ ဥရောပသမဂ္ဂအတွင်း လုပ်ကိုင်လည်ပတ်နေတဲ့ တရုတ်ကုမ္ပဏီတွေအပေါ် မဆင်မခြင် လုပ်ဆောင်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ FSR စုံစမ်းစစ်ဆေးရေးနည်းလမ်း ကိရိယာတွေကို သတိရှိရှိ အသုံးပြုဖို့နဲ့ ဥရောပမှာ ရင်းနှီးမြှုပ်နှံပြီး လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် တရားမျှတပြီး တွက်ဆခန့်မှန်းနိုင်တဲ့ စီးပွားရေးပတ်ဝန်းကျင်တခု ဖန်တီးပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ဥရောပကော်မရှင်ရဲ့ သက်ဆိုင်ရာ လုပ်ဆောင်ချက်တွေကို အနီးကပ် စောင့်ကြည့်နေပြီး တရုတ်ကုမ္ပဏီတွေရဲ့ တရားဝင်အခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေကို အခိုင်အမာကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟေ့ယာ့တုန်းက ပြောပါတယ်။
Source: Reuters


