Home
မြန်မာသတင်း
ဘေးကင်းသည့် ရွှေ့ပြောင်းသွားလာခွင့်နှင့် အလုပ်အကိုင်ကောင်း ဖန်တီးပေးရန် ILO တောင်းဆို
DVB
·
December 19, 2025
Photo: ilo.org

နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးလာချိန်မှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘေးကင်းလုံခြုံစိတ်ချရတဲ့ ရွှေ့ပြောင်းသွားလာခွင့်နဲ့ သင့်တင့်မျှတတဲ့ အလုပ်အကိုင်တွေ ရရှိရေးဟာ အရေး ကြီးတဲ့အကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်မှာ ILO နဲ့ မြန်မာနိုင်ငံက အရပ်ဘက်နဲ့ အလုပ်သမားအဖွဲ့အစည်းတွေ ပူးပေါင်းကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ခုလိုပြောလိုက်တာပါ။

ILO မြန်မာအဖွဲ့ရဲ့ ဆက်သွယ်ညှိနှိုင်းရေး အရာရှိနဲ့ ကိုယ်စားလှယ်တဦးဖြစ်တဲ့ ယူထုံ လျူကတော့ “ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပံ့ပိုးကူညီမှုတွေကို မြန်မာနိုင်ငံမှာ အသိအမှတ်ပြု ဂုဏ်ပြုသင့်ပါတယ်။ အထူးသဖြင့် ဒီလိုခက်ခဲတဲ့အချိန်တွေမှာ ရွှေ့ပြောင်းလုပ်သားတွေဟာ သူတို့ရဲ့ မိသားစုတွေနဲ့ ရပ်ရွာတွေအတွက် မရှိမဖြစ် အသက်သွေး ကြောအဖြစ် ဆက်လက်တည်ရှိနေပါတယ်” လို့ ပြောပါတယ်။ 

ဒါ့အပြင် ရွှေ့ပြောင်းသွားလာမှု လုပ်ငန်းစဉ်တလျှောက်လုံးမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို ခိုင်မာစွာ အကာအကွယ်ပေးနိုင်ဖို့ သက်ဆိုင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ILO က ကတိပြုထားတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံတွင်းက အခြေခံလုပ်သမားတွေအနေနဲ့ ၁၂ နာရီ အလုပ်ချိန်အတွက် လုပ်အားခ ကျပ် ၁၅,၀၀၀ ဝန်းကျင် (၃ ဒေါ်လာနီးပါး) လောက်သာ ရရှိ နေတာကြောင့် ဒါဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုဖြစ်ပြီး ကျွန်ပြုခံနေရတာ ဖြစ်တဲ့အကြောင်း အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန် ထောက်ပြထားကြပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) အနေနဲ့ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်အုပ်စုကို ပြဋ္ဌာန်းချက်ပါ ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ ဆုံးဖြတ်ခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၅ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှာ ခုလို အရေးယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး ILO အဖွဲ့ဝင်နိုင်ငံတွေကြား မဲခွဲဖို့ မလိုဘဲ တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုလိုက်တာပါ။ 

ဒါဟာ ILO ရဲ့ သမိုင်းတလျှောက် မြန်မာအပေါ် အရေးယူဒဏ်ခတ်မှု ချမှတ်တာ ဒုတိယ အကြိမ်ဖြစ်ပြီး အခုလို အရေးယူနိုင်ဖို့ ၄ နှစ်ကြာအောင် တောင်းဆိုခဲ့ရတယ်လို့ အလုပ် သမားရေးဆောင်ရွက်သူတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အစိုးလက်ထက်က မြန်မာနိုင်ငံကို ပထမအကြိမ်အရေးယူခဲ့ပြီး အခုတခါ စစ်ကောင်စီကို ဒုတိယအကြိမ်အရေးယူမှုက အ ထိနာစေမှာဖြစ်ကာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမြန်ဆန်လာမယ်လို့လည်း အလုပ်သမားအရေးဆောင်ရွက်သူတွေက သုံးသပ်ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013