
စစ်ကောင်စီက ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ စစ်တပ်က ကူးပြောင်းလာသူတွေ အနိုင်ရစေဖို့ ပြုလုပ်ထားတာဖြစ်ပြီး စစ်အုပ်ချုပ်ရေး အထိုင်ချတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (ASECC/ SIF) က ဆိုပါတယ်။
မြန်မာပြည်အတွင်း အကြီးဆုံးလိမ်လည်မှု ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲဆိုတဲ့ တွေ့ရှိချက် အစီရင်ခံစာကို ဒီဇင်ဘာ ၁၈ ရက်က ASECC/ SIF က ထုတ်ပြန်တာမှာဖော်ပြထားတာပါ။
ဒီအစီရင်ခံစာမှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းမကျတဲ့အပြင် လူထုဆန္ဒနဲ့ မကိုက်ညီမှု ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ဖိနှိပ်မှု၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်မှု၊ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မဲ့ နိုင်ငံရေးပါတီတွေနဲ့ လူထုကိုယ်တိုင် နားမလည်နိုင်တဲ့ PR နဲ့ FPTP စနစ်တွေရဲ့ ရှုပ်ထွေးမှု၊ မဲဆန္ဒနယ်တွေကို စစ်အုပ်စု အလိုကျ သတ်မှတ် ခွဲဝေထားမှုနဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပရုံနဲ့ ပြည်ထောင်စု လွှတ်တော် ခေါ်ယူနိုင်အောင် ဖန်တီးထားမှု စတဲ့ တွေ့ရှိချက်တွေကို ဖော်ပြထားပါတယ်။
အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီမှ ကိုသိန်းက "ဒီ အပိုင်း (၁) ၁၀၂ မြို့နယ်မှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၁၀၂ နယ်၊ အမျိုးသားလွှတ်တော် FPTP စနစ်နဲ့ဆိုရင် မဲဆန္ဒနယ် ၆၀၊ PR စနစ်နဲ့ဆိုရင် မဲဆန္ဒနယ် ၂၆ နယ်စလုံးကို ရွေးကောက်ပွဲ ကျင်းပနိုင်တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့က အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၁ မှာတင် ပြည်ထောင်စုလွှတ်တော် ခေါ်ယူနိုင်တဲ့ ကိုယ်စားလှယ် တဝက်ကျော်ထက် ကျော်လွန်ပြီးတော့ ကိုယ်စားလှယ်အားဖြင့် ဆိုရင် ၄၁၂ ဦး၊ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၆၂ ဦး အသာစီးရယူထားတယ်၊ လွှတ်တော်ခေါ်ယူနိုင်ဖို့ လမ်းစပွင့်နေတယ်ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။ အဲ့တော့ ရွေးကောက်ပွဲ အပိုင်း ၁ ကို အားစိုက်ပြီးတော့ လွှတ်တော်ခေါ်ယူနိုင်ဖို့ လမ်းစပွင့်နေတယ်ပေါ့နော်၊ ကျန်တဲ့ လွှတ်တော် အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၂ တို့ဘာတို့ဆိုတာက လိုအပ်တဲ့ နေရာတွေကို ဖြည့်စွက်ရုံလောက်ပဲ"လို့ ပြောပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကျမဲ့ နိုင်ငံရေးပါတီ ၅၇ ခုကို လေ့လာရာမှာ ကြံ့ခိုင်ရေးပါတီနဲ့ သူ့ရဲ့ လက်ဝေခံပါတီတွေ၊ တိုင်းရင်းသားလူမျိုး အမည်ခံထားတဲ့ နိုင်ငံရေးပါတီတွေ၊ တခြားနိုင်ငံရေးပါတီဆိုပြီး အစုအဖွဲ့ ၃ စုရှိပြီး ဒီနိုင်ငံရေးပါတီအားလုံးမှာ စစ်တပ်ကို ထောက်ခံပြီး စစ်တပ်က ပေးထားတဲ့ နိုင်ငံရေးကိုသာ လုပ်ဆောင်ရမယ်ဆိုတဲ့ အယူအဆရှိတာကို တွေ့ရတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
နောက်ပြီး ကိုယ်စားလှယ်လောင်းတွေထဲ အစွန်းရောက်အမျိုးသားရေး အယူအဆရှိသူတွေ၊ ပြည်သူ့စစ်နဲ့ လက်နက်ကိုင်တပ်ခေါင်းဆောင်တွေပါဝင်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် NLD ပါတီရဲ့ ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ ဗိုလ်ကြီးဟောင်း ဇေယျာဖြိုး၊ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်တို့နဲ့အတူ ပါဝင်ခဲ့သူလို့ အချက်အလက်တွေ ဖော်ပြခဲ့ပေမဲ့ အရေးယူခံရတာမရှိခဲ့တဲ့ အငြိမ်းစား ဗိုလ်မှူးကြီး လင်းဇော်ထွန်းဟာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုပြီး မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မှာကိုလည်း တွေ့ရပြီး အလားတူ ပြစ်မှုသံသယရှိသူတွေနဲ့ လူမှုရေးရှုပ်ထွေးကြတဲ့ ကိုယ်စားလှယ်တွေလည်း ပါဝင်ကြောင်း ဖော်ပြထားပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက "နဂိုကမှ ၂၀၀၈ အရ ၂၅ ရာခိုင်နှုန်းသော စစ်တပ်ရဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ ပါနေပြီနော်၊ အဲ့တော့ ဒီ အတုအယောင်ရွေးကောက်ပွဲကနေ ထပ်ပြီးတော့ ပေါ်ထွက်လာမဲ့ အတုအယောင်ရွေးကောက်ပွဲရဲ့ ရလဒ်လို့ ပြောလို့ရတဲ့ အစုအဖွဲ့က ဘာဖြစ်သွားမလဲဆိုရင် ၂၅ ရာခိုင်နှုန်း အပေါင်း ဖြစ်သွားမယ်။ ကျမတို့နိုင်ငံမှာ ကျမတို့ အခု နွေဦးတော်လှန်ရေးအရ တောင်းဆိုနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဆိုတဲ့ ကိစ္စက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲ့တော့ ဒီလူတွေရဲ့ အခန်းကဏ္ဍက ဘာလို့ ထည့်သွင်းထားလဲဆိုရင် ရှင်းရှင်းလေးပဲ၊ သူတို့ရဲ့ လက်ဝေခံတွေကို အာဏာအဝိုင်းအဝန်းထဲမှာ ထည့်ပြီးတော့ လိုသလို လုပ်ဖို့ပဲ" လို့ ပြောပါတယ်။
အစီရင်ခံစာကနေတဆင့် နိုင်ငံတကာအသိုက်အဝန်းကို စစ်အုပ်စုက ပြုလုပ်မဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်တာ၊ ပံ့ပိုးတာနဲ့ အသိမှတ်ပြုတာမျိုး မပြုလုပ်ဖို့၊ ဒီမိုကရေစီအင်အားစုတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖောင်ဆောင်ရေးကိုပဲ အာရုံစိုက်ကူညီဖို့ တိုက်တွန်းထားပါတယ်။
အားလုံးလက်ခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ထွန်းလာရေးအတွက်ကိုသာ ဝိုင်းရံပေးဖို့နဲ့ အစွန်းရောက်မျိုးချစ်တွေနဲ့ အမုန်းစကားတွေ ဖန်တီးလှုံ့ဆော်မှု ကွန်ရက်တွေရဲ့ လုပ်ရပ်တွေကိုလည်း အစဉ်တစိုက်စောင့်ကြည့်ပြီး လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ထပ်ပြီး မဖြစ်ပေါ်အောင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့အတူ အားပေးကူညီဖို့ (ASECC/ SIF)က တောင်းဆိုခဲ့ပါတယ်။
မြတ်သဇင်


