Home
မြန်မာသတင်း
ထိုင်းနိုင်ငံ တောတောင်ထဲ ပုန်းအောင်းနေသော မြန်မာ ၄၃ ဦး ဖမ်းဆီးခံရ 
DVB
·
December 19, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်ပြီး တောတောင်ထဲ ပုန်းအောင်းနေတဲ့ မြန်မာနိုင်ငံသား ၄၃ ယောက်ကို တာဝန်ရှိသူတွေက သွားရောက် ရှာဖွေ ဖမ်းဆီးခဲ့တယ်လို့  ကန်ကျနပူရီသတင်းမှာ ဖော်ပြပါတယ်။ 

ဒီဇင်ဘာ ၁၈ ရက် မနက် ၈ နာရီလောက်က ဆန်ခလပူရီမြို့နယ် ပလန်ဖယ်အုပ်စု တောတွင်း တနေရာမှာ လူတစု ရောက်ရှိနေကြောင်း ရွာသားတွေက ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားတာကြောင့် နယ်ခြားစောင့်တပ် လဝကရဲ၊ အုပ်ချုပ်ရေးပိုင်းနဲ့ ကျေးရွာလုံခြုံရေး တပ်ဖွဲ့တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းပေးတဲ့နေရာကို သွားရောက်ရှာဖွေခဲ့ကြပါတယ်။ 

အဲဒီနောက် ပလန်ဖယ်အုပ်စု ဘန့်ယန်းခေါင်ရွာနဲ့ ၁ ကီလိုမီတာကျော်ဝေးတဲ့ တောနက်ထဲမှာ ပုန်းအောင်းနေတဲ့ လူတစုကို တွေ့ရတယ်၊  အမျိုးသား ၃၀၊ အမျိုးသမီး ၉ ‌ယောက် နဲ့ ကလေး ၄ ‌ယောက်ပါရှိတယ်လို့ဆိုပါတယ်။

သူတို့ဟာ ထိုင်းဘာသာစကားနားမလည် သက်သေအထောက်အထားဘာမှမရှိကြောင်းနဲ့ ဘာသာပြန်နဲ့ စစ်ဆေးမေးမြန်းရာမှာ သူတို့ဟာ မြန်မာဘက်ခြမ်း ဘုရားသုံးဆူ  ဂျပန်ရေတွင်းရွာကနေ   ခြေလျင်လျှောက်ပြီး ဝင်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားဖို့ဖြစ်ကြောင်း ဒီအတွက် ပွဲစားကို တဦးလျှင် ဘတ် ၂၀,၀၀၀ စီပေးရပြီး  မလေးရောက်မှ ငွေအားလုံးပေးချေရမယ်လို့  ထွက်ဆိုသွားပါတယ်။ 

တာဝန်ရှိသူတွေက သူတို့အား လဝက ဥပဒေနဲ့ အရေးယူဖို့ ဆန်ခလပူရီနယ်မြေရဲစခန်းကို ခေါ်သွားပြီး ပွဲစားကိုလည်း ဖမ်းဆီးအရေးယူနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source: CH8 Thai TV News / Kanchanaburi News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013