Home
မြန်မာသတင်း
ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရသည့် ကချင်သတင်းထောက်ကို ပြန်လွှတ်ရန် CPJ တောင်းဆို
DVB
·
December 18, 2025

စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေတပ်ကာ ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်တဲ့ ကချင်အမျိုးသမီးသတင်းထောက် ဆွတ်ရိန်ပန်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်ရေးကော်မတီ (CPJ) က ဒီဇင်ဘာ ၁၆ ရက် စွဲနဲ့ ထုတ်ပြန် တောင်းဆိုပါတယ်။

CPJ  ရဲ့ အကြီးတန်း အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ် ရှောင်ခရစ္စပင်က ခုလို ပြစ်ဒဏ်ချမှတ်မှုအပေါ် ရှုတ်ချလိုက်ပြီး “မြန်မာစစ်အုပ်စုက ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန် လည်ရောက်ရှိနေပြီလို့ ပြောဆိုနေပေမဲ့ သတင်းထောက်တွေကို သူတို့ သတင်းပေးပို့မှုတွေ အတွက် အလွန်အကြူး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတုန်းပါပဲ။ သတင်းထောက်တွေကို ရာဇဝတ်သားတွေအဖြစ် ဆက်ဆံတာတွေကို အခုပဲ ရပ်တန့်သင့်နေပြီ” လို့ ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် ကချင် သတင်းထောက် ဆွတ်ရိန်ပန်ကိုတော့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်ညပိုင်းမှာ အရပ်ဝတ်နဲ့ စစ်သား ၃ ယောက်က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လာ ရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးချိန်မှာ သူ့ရဲ့ မိဘနာမည်၊ မွေးရာဇာတိ၊ အသက် စတဲ့ အချက်အလက်အတိအကျနဲ့ ဖမ်း ဆီးသွားတာ ဖြစ်သလို နေပြည်တော်က ဖမ်းဆီးခိုင်းကြောင်းနဲ့ သံသယရှိလို့ လာဖမ်းတာ ဖြစ် တယ်ဆိုကာ ရိုက်နှက်ခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။ 

အဲဒီနောက် သူ့ကို ရေကြည်အိုင် စစ်ကြောရေးစခန်းမှာ ၂၂ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မြို့ နယ်ရဲစခန်းကို လွှဲပြောင်းကာ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တယ်လို့ သိရပြီး စစ်ကြော ရေးကာလအတွင်းမှာ စစ်သားတွေရဲ့ ရိုက်နှက်မှုကြောင့် ရင်ဘတ်၊ တင်ပါးနဲ့ ပေါင်တို့မှာ ဒဏ်ရာတွေရရှိခဲ့ကာ နာတာရှည် ကြွက်သားနာကျင်မှုကို ခံစားနေရတယ်လို့ မိသားစုနဲ့ နီးစပ်သူက ဆိုပါတယ်။

ဆွတ်ရိန်ပန်ကိုတော့ စစ်ကောင်စီက သွေးထိုးလှုံ့ဆော်မှုနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲဆိုပြီး ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ဒီဇင်ဘာ ၂ ရက်မှာ အကြမ်းဖက်မှု တိုက် ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။

 အဲဒီမတိုင်ခင် မေ ၁၆ ရက်ကလည်း အင်းစိန်အကျဉ်းထောင် တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ သတင်း မှားဖြန့်ဝေမှု၊ လှုံ့ဆော်မှုတွေအတွက် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ သတင်းစာလွတ်လပ်ခွင့် ဆုံးရှုံးမှုက အဆိုးဆုံးအခြေအနေမှာ ရောက်နေပြီး သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံးဖြစ်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

CPJ က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ တရုတ်၊ အစ္စရေးနဲ့ မြန်မာနိုင်ငံတွေက သတင်းထောက်တွေကို စံချိန်တင် ဖမ်းဆီးထောင်ချမှု အများဆုံး ၃ နိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဘယ်လာရုစ်နဲ့ ရုရှားနိုင်ငံတွေက ထိပ်တန်း ၅ နိုင်ငံစာရင်းထဲ ပါဝင်နေပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်အထိ ရရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ တကမ္ဘာလုံးမှာ အနည်းဆုံး သတင်းသမား ၃၆၁ ယောက် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း အမှန်တရားနဲ့ အခြေအနေမှန် တွေကို တင်ပြနေတဲ့ သတင်းသမားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတာရပ်ဖို့ တောင်းဆို ထားသလို သတင်းလွတ်လပ်မှုဟာ ရွေးချယ်စရာမဟုတ်ဘဲ လိုအပ်ချက်တခု ဖြစ်တယ်လို့ ပြော ထားပြီး သတင်းလွတ်လပ်ခွင့်နဲ့ ကမ္ဘာတဝန်းက သတင်းထောက်တွေ၊ သတင်းမီဒီယာအလုပ် လုပ် နေကြသူတွေကို ကာကွယ်ပေးရမယ့် သန္နိဋ္ဌာန် ထပ်မံခိုင်မာအောင် ပါဝင်အကာအကွယ်ပေးဖို့ အစိုးရတွေ၊ ပုဂ္ဂလိကကဏ္ဍတွေနဲ့ လူထုအခြေပြုအဖွဲ့တွေကို တောင်းဆိုထားတာပါ။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စာနယ်ဇင်းလွတ်လပ်ခွင့်အားကောင်း ခိုင်မာစေရေး အားပေးထောက်ခံသွားမယ်၊ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်း စေရေး ကြိုးပမ်းအားထုတ်သွားမယ်၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ သတင်းရယူပိုင်ခွင့် ပိုမို အားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမယ်လို့ သဘောထား ရပ်တည်ချက်တရပ်ကို ထုတ် ပြန် ကြေညာထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013