
ဆွီဒင်နဲ့ ဒိန်းမတ်ဂျက်လေယာဉ်တွေဟာ ဒီဇင်ဘာ ၁၆ မှာ ဆွီဒင်တောင်ပိုင်းနဲ့ ဒိန်းမတ်နိုင်ငံရဲ့ မြို့တော် ကိုပင်ဟေဂင်တို့မှာ ခရစ္စမတ်ပွဲတော်ရာသီ အထိမ်းအမှတ်အနေနဲ့ ခရစ္စမတ်သစ်ပင်ပုံစံ သရုပ်ဖော် ပျံသန်းခဲ့ပါတယ်။
ဆွီဒင်တောင်ပိုင်း ကာလင်းငံမြို့နယ်ကနေ ထွက်လာတဲ့ ဆွီဒင်တိုက်လေယာဉ် ၁၈ စင်းနဲ့ ဒိန်းမတ် စစ်တပ်က တခြားလေယာဉ် ၃ စင်းတို့ဟာ ဒေသတွင်း မြို့တွေနဲ့ မြို့ကြီးတွေပေါ်မှာ ခရစ္စမတ်သစ်ပင်ပုံစံနဲ့ ပျံသန်းခဲ့ကြပြီး ကိုပင်ဟေဂင် မြို့တော်ပေါ်မှာလည်း ပျံသန်းခဲ့ကြပါတယ်။
စီစဉ်မှုနဲ့ ညှိနှိုင်းမှု အများကြီးလိုလို့ လေယာဉ်မှူးတွေရဲ့ ကျွမ်းကျင်မှုအတွက် အလွန်ကောင်းပေမဲ့ ဆွီဒင်လေတပ်က လူထုဆီ နှုတ်ခွန်းဆက်စကားတွေ ပေးပို့တာကလည်း ရှည်လျားတဲ့ အစဉ်အလာတရပ်ပါလို့ ဆွီဒင်လေတပ် ဘလက်ကင်းဂံ လေယာဉ်အုပ်စု၊ တိုက်လေယာဉ်စစ်ဆင်ရေးမှူး မားကို့စ်ဒရက်စတမ်က ပြောပါတယ်။
ဆွီဒင်လေတပ်ဟာ ဒီဇင်ဘာလတိုင်းမှာ မတူညီတဲ့ တပ်ဖွဲ့တွေက ဂျက်လေယာဉ်တွေဟာ နိုင်ငံရဲ့ မတူညီတဲ့ဒေသတွေပေါ်မှာ ခရစ္စမတ်သစ်ပင်ပုံစံနဲ့ ပျံသန်းလေ့ ရှိပါတယ်။
ဒီအတောအတွင်း ဒိန်းမတ်စစ်တပ်ဟာ ဝယ်ယူရရှိထားတဲ့ လေကြောင်းကာကွယ်ရေးစနစ်အသစ်တွေထဲက တခုကို ဒီဇင်ဘာ ၁၇ ရက်မှာ ပြသခဲ့ပါတယ်။
စကယ်လ် စထရပ်ပ် လေတပ်စခန်းရှိ စစ်သားတွေဟာ အမျိုးသားအဆင့်မြင့် မြေပြင်မှ ဝေဟင်သို့ ဒုံးကျည်စနစ် (NASAMS) ရဲ့ နမူနာ လုပ်ပြခဲ့ပြီး ပစ်လွှတ်စင်ကို ဘယ်လိုဘယ်ပုံရွှေ့ရမယ် ဆိုတာနဲ့ ဒါကို လေ့ကျင့်ရေးဒုံးကျည်နဲ့ ဘယ်လိုတပ်ဆင်ရမယ်ကို ပြသခဲ့ပါတယ်။
ဒါက အစပဲရှိပါသေးတယ်လို့ ဒိန်းမတ်နိုင်ငံရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မီခယ်လ် ဟူးလ်ဂိုဒ်က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
“ကျနော်တို့နောက်မှာ မြင်နေရတဲ့ NASAMS လို့ခေါ်တဲ့ မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို နော်ဝေမှာ ထုတ်လုပ်တာပါ။ ဒီစနစ်တွေကို ဝယ်ယူပြီး ဒိန်းမတ်ကို ပို့ဆောင်ပေးတဲ့ နော်ဝေနဲ့ ကျနော်တို့ အလွန်ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။”
ဒိန်းမတ် ကာကွယ်ရေးဝန်ကြီး ထိုးလ်လွန်းပို့စ် ကလည်း “ဒီနေ့ဟာ ဒိန်းမတ်ကာကွယ်ရေးအတွက် သမိုင်းဝင်နေ့ တနေ့ဖြစ်ပြီး၊ လုံခြုံရေးကို ပိုမိုဖန်တီးဖို့ရာ အထောက်အကူပြုတဲ့ စွမ်းရည်အသစ်တခုကို ထပ်ပြီး မိတ်ဆက်ပေးတာဖြစ်ပါတယ်။ ဒါကလည်း ယူကရိန်းမှာ တွေ့မြင်နေရတဲ့ ဝမ်းနည်းစရာအခြေအနေကြောင့် ဖြစ်ပြီး၊ ကျနော်တို့ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဥရောပနဲ့ ဒိန်းမတ်နိုင်ငံရဲ့ ယေဘုယျအခြေအနေအပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာမှာ ပိုကောင်းအောင် လုပ်ဆောင်ဖို့ လိုအပ်ပြီး မြေပြင်အခြေစိုက် လေကြောင်းကာကွယ်ရေးစနစ်ဟာ ယူကရိန်းမှာ အကျိုးကျေးဇူး အများကြီးရှိတယ် ဆိုတာကို သိရပါတယ်”လို့ ပြောသွားပါတယ်။
ကျွန်ုပ်တို့ပြုလုပ်မယ့် ရင်းနှီးမြှုပ်နှံမှုတွေဟာ လာမဲ့ နှစ်တွေအတွင်း ကျွန်ုပ်တို့ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးမှာဖြစ်ပြီး ပြည်သူတွေကို ကာကွယ်နိုင်စေမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
နော်ဝေနိုင်ငံမှ ကုံး(င်စ်) ဘာ့ဂ် ကာကွယ်ရေးနဲ့ အာကာသဌာနက သူ့ရဲ့ NASAMS ကာကွယ်ရေးစနစ်အတွက် ဒိန်းမတ်နိုင်ငံမှ ယူရို သန်း ၅၀၀ တန်ဖိုးရှိ အော်ဒါတခု ရရှိခဲ့တယ်လို့ နိုဝင်ဘာလမှာ ပြောပါတယ်။
စက်တင်ဘာလတုန်းက ဒိန်းမတ်နိုင်ငံဟာ နော်ဝေးနိုင်ငံမှ အပါအဝင် ဥရောပထုတ် လေကြောင်း ကာကွယ်ရေးစနစ်တွေကို ဒေါ်လာ ၉ ဘီလီယံလောက်နဲ့ ဝယ်ယူဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့ပြီး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုးကားဖော်ပြခဲ့ပါတယ်။
Source:Reuters


