
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်မှာ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ ထိန်းသိမ်းထားတဲ့ ပြည်ပနိုင်ငံသားတွေရဲ့ ကျွေးမွေးစရိတ်ကို အကုန်အကျခံမယ်လို့ စစ်ကောင်စီက ပြောထားပေမဲ့ အခုချိန်ထိ အဲဒီကုန်ကျစရိတ်တွေ ပေးတာမျိုးမရှိသေးဘူးလို့ ဒေသအာဏာပိုင်တွေနဲ့ BGF နီးစပ်သူတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မှာလုပ်တဲ့ ကျားဖြန့်ကိစ္စ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဲဒီနိုင်ငံခြားသားတွေအတွက် တရက် ကျပ် ၁၅,၀၀၀ နှုန်းနဲ့ ငွေကျပ် သိန်းပေါင်း ၁၃,၀၀၀ ကျော် နိုင်ငံတော်က ကျခံသုံးစွဲထားတယ်လို့ ပြောသွားပေမဲ့ အမှန်တကယ်မှာတော့ တပြားမှ မရသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့လပိုင်းက မြဝတီမြို့နယ်အတွင်း စစ်ရေးအရ အဓိကကျတဲ့နေရာတွေကို စစ်တပ်က ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း မြဝတီနဲ့အနီးတဝိုက်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုပါ ထိန်းချုပ်ဖို့ စစ်တပ်ဘက်က ကြိုးစားနေတဲ့အချိန် မြေမြင်မှာ တာဝန်ယူ လုပ်ကိုင်နေသူတွေဘက်က အခုလို ထုတ်ပြောလာတာပါ။
မယ်ထော်သလေးကျေးရွာအနီးရှိ KK Park ကို စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တွေက ဝင်ရောက်နှိမ်နင်းချိန်မှာ တရားမဝင်လာရောက်ပြီး ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသား ထောင်နဲ့ချီကိုလည်း ဖမ်းဆီးထိန်းသိမ်း ခဲ့ပါတယ်။
အဲဒီလို ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူတွေကို မြဝတီမြို့ပေါ်မှာ နေရာ ၃ ခု ခွဲထိန်းသိမ်းထားပြီး အဆိုပါ ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်ရှိနေတဲ့ ပြည်ပနိုင်ငံသားတွေကို တနေ့ ထမင်း ၃ နပ် ကျွေးနေသလို တခြားတကိုယ်ရေသုံးပစ္စည်းများ ထောက်ပံ့ပေးနေရကြောင်း နီးစပ်သူတွေက DVB ကို ပြောသည်။
အဲဒီ ထိန်းသိမ်းရေးစခန်းတွေကို တာဝန်ယူထားတဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတယောက်က “တရက်ကို ကျပ် ၁၅,၀၀၀ ပေါ့။ စားစရိတ်အနေနဲ့ ကုန်ကျတာက၊ ပြီးတော့ ဆေးဝါးအပြင် ကျန်တဲ့ တကိုယ်ရေသုံး ပစ္စည်းတွေလည်း ထောက်ပံ့ပေးရတယ်။ အဲဒါကို စစ်ကောင်စီက ကျခံမယ်လို့ ပြောပြီးတော့ တပြားမှ မပေးသေးဘူး။ အကုန် ဒီဘက်က စိုက်ပြီး အကုန်ခံနေရတာ” လို့ ဆိုပါတယ်။
လက်ရှိမှာ မြဝတီ ကုန်သွယ်ရေးဇုန်၊ မြဝတီမြို့မဘောလုံးကွင်းနဲ့ BGF ရှေ့တန်းရုံး အောင်ဇမ္ဗူလင်းတို့မှာ ပြည်ပနိုင်ငံသားထောင်နဲ့ချီ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီထဲက တချို့တဝက်ကိုသာ သက်ဆိုင်ရာ နိုင်ငံတွေက ပြန်ခေါ်သေးတာ ဖြစ်ပါတယ်။
ဒါ့အပြင် BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုက ကျားဖြန့်လုပ်ငန်းတွေကို ဝင်စီးနင်းတဲ့ အချိန်မှာလည်း ပြည်ပနိုင်ငံသား ထောင်နဲ့ချီ ထိန်းသိမ်းခဲ့ပြီး အဲဒီသူတွေကို BGF က တာဝန်ယူထားရတယ်လို့ သိရပါတယ်။
BGF တာဝန်ရှိသူတယောက်က“အဲဒီကောင်တွေကို အကုန်လုံး အစ်ကိုတို့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်ပေးနေတာ။ ဗဟိုက ပေးမယ်တော့ ပြောထားတာရှိတယ်။ အခုထိ မပေးသေးဘူး” လို့ ပြောပါတယ်။
လက်ရှိ ထိန်းသိမ်းထားတဲ့ ပြည်ပနိုင်ငံသားတွေထဲမှာ တရုတ်နိုင်ငံသားတွေ အများဆုံး ပါဝင်နေပြီး အိန္ဒိယနဲ့ အီသီယိုးပီးယားနိုင်ငံတွေက တရုတ်နိုင်ငံနောက်က အများဆုံးနဲ့ တခြားနိုင်ငံပေါင်း ၂၀ ကျော်က နိုင်ငံသားတွေ ရှိနေတာ ဖြစ်ပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ ကျားဖြန့်အရှုပ်တော်ပုံဟာ မြန်မာတနိုင်ငံတည်းနဲ့ဆိုင်တဲ့ကိစ္စ မဟုတ်ဘဲ နိုင်ငံတကာနဲ့လည်းဆိုင်ပြီး ရေဆုံးရေဖျား ချေမှုန်းသွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၁၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။


