
မန္တလေး - မြစ်ကြီးနားလမ်း ခင်ဦးကနေ ကျီကျင်းထိ လက်ရှိ ကားထောင်ချီ ပိတ်မိနေတယ်လို့ ကုန်သည်၊ ယာဉ်မောင်းတွေက ပြောပါတယ်။
မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ ကတည်းက ကျီကျင်းမှာ အတက်ကားတွေကို ပိတ်ထားတာဖြစ်ပြီး လက်ရှိမှာ အဆင်းကားတွေကိုသာ လွှတ်ပေးတယ်လို့ ဆိုပါတယ်။
ကုန်သည်တယောက်က “ခင်ဦးလမ်းဆုံကတော့ ကားတွေ တောက်လျှောက် ခင်ဦးလမ်းဆုံကနေ ပြီးတော့ ကျီကျင်းအထိ တောက်လျှောက်တန်းနေတာ။ ပြည့်ညပ်ကျပ်နေတာပဲ ကားတွေ တခါတည်းကို။ ကားတော့ ရာချီတော့ မကဘူး၊ ထောင်ချီရှိမယ်” လို့ ပြောပါတယ်။
ခင်ဦးလမ်းဆုံကနေ ကျီကျင်းအထိ ၈ မိုင် ဝန်းကျင် ကွာဝေးပြီး ကားတွေကတော့ ဘယ်ဘက်ရော ညာဘက်ရော နှစ်ဖက်စလုံး ပြည့်နေတယ်လို့ သူက ပြောပါတယ်။
လာမဲ့ ဒီဇင်ဘာ ၂၈ ရက်နောက်ပိုင်းမှ လမ်းပြန်ဖွင့်ပေးမယ်လို့ ကြားသိရပြီး ရွေးကောက်ပွဲကြောင့် လမ်းပိတ်တယ်ဆိုပြီး ပြောတယ်လို့ ဆိုပါတယ်။
“အမှန်က ဒီကောင်တွေက ကောက်စားဖို့ကို ပြည်သူလူထုကို ဒုက္ခပေးနေတာ” လို့ အဆိုပါကုန်သည်က ပြောပါတယ်။
ကွင်းလမ်းမရောက်ခင်ကနေ ကြိုပိတ်လိုက်တာကြောင့် ကားကြီးတွေက တခြားလမ်းတွေကနေ သွားလို့ မရဘဲ ပိတ်မိနေတာလို့ ဆိုပါတယ်။
ကုန်တင်ယာဉ်မောင်းတယောက်က “လမ်းပိတ်တယ်ဆိုတာ ရွှေဘို မဟုတ်ဘူး။ ခင်ဦး လမ်းဆုံနားမှာ ပိတ်ထားတာ၊ မတက်ရဘူး” လို့ ပြောပါတယ်။
ရွှေဘိုမြို့နယ်၊ သဲကျွန်းရွာ အရှေ့ဘက်ရှိ ခရိုင်ချင်းဆက် အမှတ် ၃ ကားလမ်းမပေါ်က ကားတန်းတွေကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၆ ရက် နေ့ခင်းပိုင်းမှာ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ထွက်ပြေးတိမ်းရှောင်သူတွေကိုလည်း ဂျိုင်ရိုကော်ပတာတွေနဲ့ လိုက်လံပစ်ခတ်ခဲ့လို့ ဘုန်းကြီးတပါး အပါအဝင် ဆန်တင်ကုန်ကားသမားနဲ့ ယာဉ်မောင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။


