
မန္တလေး-မြစ်ကြီးနားလမ်းမှာ ကုန်တင်ယာဉ်တွေ လမ်းကြေး သိန်းရာချီ ပေးဆောင်နေရတာကြောင့် ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေ အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။
ကုန်သည်တယောက်က “လမ်းကြေးက KIA ရော၊ PDF ရော၊ စစ်ကောင်စီတပ်နဲ့ ဂိတ် အားလုံးပေါင်းလိုက်ရင် ဘိလပ်မြေ တမျိုးတည်းကုန်ကို သိန်း ၁၂၀ လောက်ကုန်မယ်” လို့ ပြောပါတယ်။
မြစ်ကြီးနားရောက်ခါနီး တနိုင်းလမ်းဆုံ စစ်တပ်ဂိတ်မှာ စာအုပ်ကြီးနဲ့ ဂဏန်းတွက်စက်နဲ့ ချပြီးတော့ ကောက်နေတာလို့ သူက ပြောပါတယ်။
လတ်တလော မိုးညှင်းနဲ့ မြစ်ကြီးနားကြား လမ်းကြေးကောက်တာ ပိုဆိုးလာပြီး ပျူစောထီးက မြင်းမူတမြို့တည်းကို ၃ သိန်း ပေးရတဲ့ဂိတ် ၆ ဂိတ်လောက်ရှိပြီး ထီးဆောင်းနဲ့ ဒီ အလ္လကပ္ပ ကြားမှာလည်း ၃ သိန်းကနေ ၅ သိန်းအထိ ပေးရတဲ့ ဂိတ် ၅ ဂိတ်လောက် ရှိတယ်လို့ သူက ပြောပါတယ်။
မန္တလေးကနေ မြစ်ကြီးနားကို ကုန်စုံ တရားဝင် အခွန်ဆောင်ပြီးသားကားလည်း လမ်းကြေး သိန်း ၁၆၀ ဝန်းကျင် ကုန်ကျပြီး မြစ်ကြီးနားကနေ မန္တလေးအဆင်း သံတိုသံစ တရားဝင် အခွန်ဆောင်ပြီးသား စာရွက်စာတမ်းတွေ ပါရင်လည်း လမ်းကြေး သိန်း ၁၀၀ ကျော် ကုန်ကျကြောင်း ကုန်တင်ယာဉ်မောင်းတယောက်ဆီက သိရပါတယ်။
နောက်ထပ် ကုန်တင်ယာဉ်မောင်းတယောက်ကလည်း “ရွှေဘိုကနေ မန္တလေးအရောက်ကို ဒေသခံကားအနေနဲ့ သွားရင်တောင်မှ ဂိတ်တွေ ရှင်းလိုက်တာဟာ သိန်း ၃ဝ ကျော်ကုန်တယ်” လို့ ပြောပါတယ်။
ရန်ကုန်ကနေ ရွှေဘိုအထိ မြေဆီနဲ့ ပြန်တယ်ဆိုရင် တရားဝင် သူတို့ထုတ်ပေးတဲ့ စာရွက်စာတမ်း၊ သူတို့လိုချင်တဲ့ ထောက်ခံစာ အားလုံးပါတာကို ၂ သိန်းတို့၊ ၃ သိန်း အဲလိုတောင်းနေတာကြောင့် လမ်းကြေး ၃၇ သိန်းလောက် ကုန်တယ်လို့ သူက ပြောပါတယ်။
လမ်းကြေးကို ပါးစပ်ထဲရှိသလောက် သိန်းချီ တောင်းနေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ ဂိတ်တွေကို ဂိတ်ကြေးလျှော့ကောက်ဖို့ ပြောစေချင်တယ်လို့ ကုန်သည်၊ ယာဉ်မောင်းတွေက ပြောပါတယ်။
လမ်းကြေးများလို့ မကိုက်တာနဲ့ လမ်းကြောင်း အဆင်မပြေတာကြောင့် ယာဉ်မောင်းတချို့လည်း ရပ်နားနေကြရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေကဆီက သိရပါတယ်။


