
ပဲခူးမြို့မှာ ဆိုင်ကယ်ကယ်ရီမောင်းသူကို သတ်ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ်လုသူ ၂ ယောက်အနက် တယောက်ကို ဒီဇင်ဘာ ၁၆ ရက် မနက်မှာ ပဲခူးခရိုင် တရားရုံးက ကြိုးမိန့်ချလိုက်ပါတယ်။
ပဲခူးမြိုနယ်၊ အင်းတကော်မြို့မှာ ဆိုင်ကယ် ကယ်ရီမောင်းသူကို သတ်ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ်လုယူခဲ့သူ ၂ ယောက်ထဲက ကိုအောင်သက်ပိုင်ကို ပုဒ်မ ၃၀၂ (၁)(ဂ) အရ ကြိုးမိန့်ချခဲ့ပြီး အသက်မပြည့်သေးတဲ့ မောင်ငြိမ်းချမ်းအောင်ကိုတော့ ကလေးသူငယ်တရားရုံးကို လွှဲပေးခဲ့တာလို့ တရားရုံးနဲ့နီးစပ်သူက DVB ကို ပြောပါတယ်။
“အင်းတကော်မှာ နေတဲ့ ကယ်ရီသမား သတ်ပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ်လုယူတဲ့အမှုက တရားခံ ၂ ဦးကို မနေ့က ပဲခူးခရိုင်ရုံးက အမိန့်ချချတယ်။ တယောက်ကို မသေမချင်း ကြိုးပေးသတ်ဖို့ အမိန့်ချတယ်။ နောက်တယောက်က အသက်မပြည့်သေးလို့ ကလေးသူငယ် တရားရုံးကို လွှဲလိုက်တယ်။”
အဲဒီ လူသတ် လုယက်မှုဟာ ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၈ ရက်က အင်းတကော်မြို့ ရွှေမင်းဝံသာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းဝင်းအနီး ဖြစ်ပွားပြီး လုယက် သတ်ဖြတ်ခံရသူမှာ ကိုမိုးစက်အောင် ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၈ ရက်ကလည်း ပဲခူးမြို့မှာ အသက် ၄၀ ကျော် အမျိုးသားတယောက်ကို မသေမချင်း ဓားနဲ့ထိုးသတ်ကာ ဆိုင်ကယ်၊ ဖုန်းနဲ့ ရွှေလက်စွပ် လုယက်ခဲ့သူ ၃ ယောက်ကို ပဲခူးတွဲဖက်ခရိုင်တရားရုံးက ကြိုးမိန့်ချခဲ့ပါတယ်။
သြဂုတ် ၈ ရက်ကလည်း ပဲခူးမြို မဇင်းဆည်အနီးမှာ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့သူ ၂ ယောက်ကို ပဲခူးခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ နဲ့ ကြိုးမိန့်ချခဲ့ပါတယ်။


