Home
ဆောင်းပါး
စစ်အာဏာရှင်စနစ်အပေါ် ကမ္ဘာကြီး၏ မျက်ကွယ်ပြုမှု ပိုမိုထင်ရှားလာ
DVB
·
December 16, 2025

၂၀၂၀ ပြည့်နှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဟာ လွတ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ အဲဒီအနိုင်ရမှုအပေါ် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေက ချီးကျူးခဲ့ကြပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်တဲ့အခါမှာတော့ အဲဒီနိုင်ငံတချို့က စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူတာတွေ၊ သံတမန်ဆက်ဆံရေး လျှော့ချတာတွေ လုပ်ခဲ့ကြပါတယ်။

အခုတော့ စစ်ကောင်စီဟာ ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ စတင်ကျင်းပဖို့ စိုင်းပြင်းနေပါပြီ။ အဲဒီရွေးကောက်ပွဲကို အဆင့်လိုက် ကျင်းပဖို့အတွက် ပြင်ဆင်နေပါပြီ။ ဒါပေမဲ့ ဒီတကြိမ် ရွေးကောက်ပွဲကတော့ လွတ်လပ်မှုရော တရားမျှတမှုပါ ရှိမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ စစ်တပ်က သူတို့ရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို မဲဆန္ဒနယ် နေရာတိုင်းနီးပါးမှာ အနိုင်ရစေချင်လို့ပါပဲ။

လေ့လာသုံးသပ်သူတွေကတော့ ဒီရွေးကောက်ပွဲကို ဟန်ပြသက်သက်လို့ ဝေဖန်ကြပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ “နယ်မြေ”တွေမှာပဲ မဲပေးရမှာပါ။ ဒါကလည်း နိုင်ငံ့နယ်မြေဧရိယာရဲ့ တဝက်တောင် မရှိပါဘူး။

၂၀၂၁ နောက်ပိုင်းမှာ အကြမ်းမဖက်တဲ့ နိုင်ငံရေးအတိုက်အခံတွေ ချေမှုန်းခံရပြီး ပါတီအများစုလည်း ဖျက်သိမ်းခံထားရပါတယ်။

လက်ရှိမှာ နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ လောက် ဖမ်းဆီးခံထားရပါတယ်။ စစ်အုပ်စုနဲ့ တော်လှန်ရေးအဖွဲ့တွေကြားဖြစ်ပွားနေတဲ့ ကြမ်းတမ်းတဲ့ ပြည်တွင်းစစ်ကြောင့် ရွေးကောက်ပွဲလုပ်ဖို့ ရည်ရွယ်ချက်ရှိရင်တောင် လုပ်ဖို့ မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ စစ်ကောင်စီကတော့ ဗိုလ်ချုပ်ဟောင်းတွေ၊ လက်ရှိစစ်တပ်အရာရှိတွေနဲ့ ရွေးကောက်ပွဲကို ဆက်လုပ်ဖို့ စီစဉ်နေပါတယ်။ လက်ရှိ ယာယီသမ္မတ လုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် တရားဝင် ရွေးချယ်ခံရဖို့ ဇာတ်တိုက်ထားပြီးပါပြီ။

ဒီရွေးကောက်ပွဲက ဘယ်လောက်ပဲ ဒီမိုကရေစီ မဆန်ဘူး ပြောပစေ၊ စစ်ကောင်စီအတွက်တော့ နိုင်ငံတကာ အသိအမှတ်ပြုမှု ပိုရလာစေပါလိမ့်မယ်။ တခြားနိုင်ငံတွေက မြန်မာကို ပြန်လက်ခံလာတဲ့အတွက် အထီးကျန်ဖြစ်မှု လျော့ပါးသွားစေမှာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီက တရားဝင် အသိအမှတ်ပြုမှုရဖို့ ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးမှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့နဲ့ တွေ့ဆုံခဲ့ပြီး သူတို့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို ထောက်ခံခဲ့ကြပါတယ်။

ဧပြီလတုန်းကလည်း ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာနဲ့ ထိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့ပါသေးတယ်။ အရင်က သူ့ကို ခပ်ခွာခွာနေခဲ့ကြတဲ့ နိုင်ငံခေါင်းဆောင်တွေက အခု လက်ခံတွေ့ဆုံလာကြကြောင်း၊ ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံခွင့် သိသိသာသာ ကျယ်ပြန့်လာကြောင်း နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) က သုံးသပ်ပါတယ်။

ဘာလို့ ဒီလို အခြေအနေ ပြောင်းလဲသွားတာလဲ။ တချက်ကတော့ ကမ္ဘာမှာ စီးပွားရေးနဲ့ သံတမန်ရေး မရေရာမှုတွေ များနေချိန် ဒီမိုကရေစီအရေး ပြောဆိုမှုတွေ လျော့နည်းလာလို့ပါပဲ။

ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ အိမ်နီးချင်းတွေကြားမှာ သံတမန်ရေးအရ စိတ်ဝင်စားမှုလျော့ကျလာတာ၊ တရုတ်က စစ်ကောင်စီကို သံတမန်ရေး၊ စစ်ရေးနဲ့ ငွေကြေး ဘက်ပေါင်းစုံက ကူညီနေတာရယ်ကြောင့် စစ်ကောင်စီဟာ နိုင်ငံတကာစင်မြင့်မှာ ပိုရဲတင်းလာပါတယ်။ ဒီအချက်ဟာ တခြားနိုင်ငံတွေအတွက်လည်း စစ်အုပ်စုနဲ့ ပြန်ဆက်ဆံဖို့ အကြောင်းပြချက်ကောင်း ရသွားစေပါတယ်။

အရင်က မြန်မာ့ဒီမိုကရေစီအင်အားစုတွေကို ထောက်ခံပြီး စစ်ကောင်စီကို ပိတ်ဆို့ခဲ့တဲ့ ချမ်းသာတဲ့ နိုင်ငံတချို့တောင် ဒီလမ်းကြောင်းကနေ ရှောင်ခွာစပြုလာပါပြီ။ ဥပမာ - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရက မြန်မာ့ဒီမိုကရေစီ အတိုက်အခံတွေအပေါ် ထောက်ပံ့မှု ရပ်ဆိုင်းလိုက်တာဟာ တော်လှန်ရေးအင်အားစုတွေအတွက် အထိနာစေခဲ့ပါတယ်။ ပြင်သစ်၊ ဗြိတိန်နဲ့ တခြား ချမ်းသာတဲ့ နိုင်ငံအများစုကလည်း မြန်မာနိုင်ငံအပါအဝင် အကူအညီပေးရေး အစီအစဉ်တွေကို လျှော့ချလိုက်ကြပါတယ်။

ဦးဆောင် ဒီမိုကရေစီနိုင်ငံကြီးတွေက အကူအညီတွေ လျှော့ချပြီး လူ့အခွင့်အရေး ပြောဆိုမှုတွေ လျော့ကျသွားတာက တခြားနိုင်ငံတွေအတွက် စစ်ကောင်စီကို အသိအမှတ်ပြုပြီး စစ်အုပ်စုနဲ့ တိုက်ရိုက်ပူးပေါင်းဖို့ လမ်းပွင့်သွားစေပါတယ်။ ဝေဖန်ခံရတဲ့ ရွေးကောက်ပွဲ ဖြစ်ပါစေဦး၊ ပြီးသွားရင်တော့ အိမ်နီးချင်းတွေနဲ့ ကမ္ဘာ့အင်အားကြီးတွေက "တရားဝင်အစိုးရ" နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်ဆိုပြီး ပြောကြဦးမှာပါပဲ။

ဒါမှသာ စစ်ကောင်စီက တိုင်းပြည်ဖျက်ဆီးနေတာကို မျက်ကွယ်ပြုပြီး စစ်ကောင်စီနဲ့ စီးပွားရေး ဆက်ဆံမှုတွေ လုပ်လို့ရမှာမဟုတ်လား။ ICG အစီရင်ခံစာက ဆိုထားသလိုပါပဲ။ အာရှနိုင်ငံ အများစု (လွတ်လပ်တဲ့နိုင်ငံ ဖြစ်စေ၊ မလွတ်လပ်တဲ့နိုင်ငံ ဖြစ်စေ) က စစ်ကောင်စီကို အချိန်အကြာကြီး လျစ်လျူရှုထားတာက အကျိုးမရှိဘူးလို့ မြင်လာကြပါပြီ။ ရွေးကောက်ပွဲကနေ ဘယ်လိုအစိုးရပဲ တက်လာတက်လာ ပုံမှန်အတိုင်း ပြန်ဆက်ဆံကြဖို့ များပါတယ်။

မလေးရှားလို စစ်ကောင်စီကို ဝေဖန်ခဲ့တဲ့ အာဆီယံအဖွဲ့ဝင်တွေတောင် ရွေးကောက်ပွဲပြီးရင် အသံတိတ်သွားဖို့ ရှိပါတယ်။ မြန်မာနိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ဟာ ဘုံသဘောတူညီချက်နဲ့ လုပ်ကိုင်ကြတာပါ။ ထိုင်းနိုင်ငံလို အဖွဲ့ဝင်တွေက နယ်စပ်ထိန်းချုပ်ရေးလို ကိုယ်ကျိုးစီးပွားအတွက် စစ်ကောင်စီကို ပိုပြီး ပွင့်ပွင့်လင်းလင်း လက်ခံလာပါလိမ့်မယ်။

ထရမ့်ပ်နဲ့ ဖွံ့ဖြိုးပြီးနိုင်ငံက ခေါင်းဆောင်တချို့ကလည်း ဒီမိုကရေစီမြှင့်တင်ရေးထက် ဒီ "ရွေးကောက်ပွဲ" ကို အကြောင်းပြပြီး မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ပြင်ဆင်နေပုံရပါတယ်။  

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်ပြန်ဖို့ အန္တရာယ်များလွန်းတဲ့အတွက် မြန်မာနိုင်ငံသားတွေကို အမေရိကန်က ယာယီကာကွယ်စောင့်ရှောက်ခွင့် (TPS) ပေးထားခဲ့ပါတယ်။ အဲဒီအစီအစဉ်ကို မကြာသေးမီကပဲ ပြန်လည်ရပ်ဆိုင်းလိုက်ပါတယ်။

“အုပ်ချုပ်ရေးနဲ့ တည်ငြိမ်မှု သိသိသာသာ တိုးတက်လာတယ်၊ အရေးပေါ်ကာလ ပြီးဆုံးသွားပြီ၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်မယ့် အစီအစဉ်တွေ ရှိတယ်" ဆိုပြီး အမေရိကန်အစိုးရက အကြောင်းပြချက်ပေးပြီး ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ ဒီလုပ်ရပ်အပေါ် လွှတ်တော်ထဲမှာ ပါတီနှစ်ရပ်စလုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ဂျပန်နိုင်ငံကလည်း စစ်ကောင်စီနဲ့ ဆက်ဆံရေး ပိုနီးစပ်လာသလို တောင်ကိုရီးယားကလည်း အဲဒီလမ်းကြောင်းကို လိုက်ဖို့ ရှိပါတယ်။ အာဏာသိမ်းပြီးချိန်က စစ်ကောင်စီနဲ့ ဆက်ဆံရေး လျှော့ချထားတဲ့ တိုကျိုနဲ့ ဆိုးလ်ဟာ ရွေးကောက်ပွဲအလွန်မှာ ဆက်ဆံရေး အပြည့်အဝ ပြန်ကောင်းလာနိုင်တယ်လို့ ဂျပန်နဲ့ ကိုရီးယား သုတေသီတွေက ဆိုပါတယ်။

ဥရောပနဲ့ သြစတြေးလျ၊ ဗြိတိန်တို့လို တခြားဒီမိုကရေစီနိုင်ငံတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ ဥရောပပါလီမန်ကတော့ လာမဲ့ ရွေးကောက်ပွဲရဲ့ တရားဝင်မှုကို လက်မခံဘူးလို့ နိုဝင်ဘာလနှောင်းပိုင်းမှာ ဆုံးဖြတ်ချက် ချမှတ်ထားပါတယ်။

ဟန်ပြရွေးကောက်ပွဲကို အသုံးချပြီး တရားဝင်မှုရယူမဲ့ စစ်အုပ်စုရဲ့ အစီအစဉ်က အထူးအဆန်းတော့ မဟုတ်ပါဘူး။ တခြား ဖိနှိပ်တဲ့ အစိုးရတွေ သုံးနေကျ နည်းလမ်းပါပဲ။ မိတ်ဆွေနိုင်ငံတွေက စောင့်ကြည့်သူတွေကို ဖိတ်မယ်၊ ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုခိုင်းမယ်။ ဒါပါပဲ။

ကမ္ဘာတဝန်းမှာ ဒီမိုကရေစီ ဆုတ်ယုတ်လာပြီး လွတ်လပ်ခွင့် ကျဆင်းလာတာ ၁၉ နှစ်ဆက်တိုက် ရှိပြီလို့ စောင့်ကြည့်ရေးအဖွဲ့ Freedom House က ဆိုပါတယ်။ နေရာတိုင်းက အာဏာရှင်တွေဟာ ဒေသတွင်းနဲ့ နိုင်ငံတကာမှာ တရားဝင်ဖို့အတွက် ဘယ်လောက်ပဲ မသမာတဲ့ ရွေးကောက်ပွဲဖြစ်ပါစေ ရွေးကောက်ပွဲတွေနဲ့ လေ့လာသူတွေကို အသုံးချလာပါတယ်။

ဒါဟာ "ဟန်ပြ လိုက်နာဆောင်ရွက်တဲ့ မဟာဗျူဟာ" ဖြစ်ပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပသယောင်၊ အာဏာရှင်စနစ်က တရားဝင်သယောင် ပြသတဲ့ နည်းလမ်းဖြစ်တယ်လို့ ဂျာမနီနဲ့ အမေရိကန် ပညာရှင်တွေက သုံးသပ်ပါတယ်။

အယ်လ်ဂျီးရီးယားနိုင်ငံဆိုရင် ၂၀၂၄ မှာ လွတ်လပ်၊ မျှတမှုမရှိတဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီနောက် ဥရောပ၊ အမေရိကန်တို့နဲ့ ဆက်ဆံရေး တိုးတက်အောင် လုပ်နိုင်ခဲ့ပါတယ်။ အီဂျစ်ဆိုရင်လည်း ၂၀၁၁ အာဏာသိမ်းပြီးကတည်းက စောင့်ကြည့်သူ အနည်းငယ်ဖိတ်ပြီး လွတ်လပ်၊ မျှတမှုမရှိတဲ့ ရွေးကောက်ပွဲတွေ လုပ်ပြီး ကမ္ဘာ့အသိအမှတ်ပြုမှု ပြန်ရယူခဲ့ပါတယ်။ အဇာဘိုင်ဂျန်က သက်တမ်းရှည် အာဏာရှင်သမ္မတ အလီယက်ဗ် ဆိုရင်လည်း မသမာတဲ့ ရွေးကောက်ပွဲတွေ အကြိမ်ကြိမ်လုပ်ပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံရေး မြှင့်တင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ရွေးကောက်ပွဲကြောင့် မြန်မာစစ်ကောင်စီက တရားဝင်မှု ပိုရလာနိုင်ပါတယ်။ ဒီလိုသာဆိုရင် သူတို့အုပ်ချုပ်ရေး သက်ဆိုးရှည်ပြီး အတိုက်အခံတွေ အားနည်းသွားစေနိုင်ပါတယ်။ ဒါဟာ တိုင်းပြည်အတွက်တော့ ကပ်ဘေးပါပဲ။ စစ်ကောင်စီလက်ထက်မှာ မြန်မာ့လူဦးရေရဲ့ ထက်ဝက်လောက် ဆင်းရဲမွဲတေနေပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၅ နှစ်ထက် အများကြီး ပိုဆိုးလာတာပါ။

လူဦးရေ လေးပုံတပုံလောက်က အစာရေစာ မလောက်ငပါဘူး။ နိုင်ငံကလည်း နိုင်ငံတကာ ရာဇဝတ်မှုဂိုဏ်းတွေရဲ့ ဗဟိုချက် ဖြစ်လာပါတယ်။ ငှက်ဖျားနဲ့ တီဘီလို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ ရောဂါတွေ ပြန်ခေါင်းထောင်လာသလို လူသေဆုံးမှုတွေ များနေပါတယ်။ ACLED အဖွဲ့ရဲ့ အဆိုအရ မြန်မာဟာ ကမ္ဘာမှာ ဒုတိယ အကြမ်းဖက်မှု အများဆုံး နေရာပါ။ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ဒုက္ခသည်တွေ အများကြီး ထွက်ပြေးရတာ မဆန်းပါဘူး။

မသမာတဲ့ ရွေးကောက်ပွဲကနေ ယုံကြည်မှု ပိုရလာမဲ့ စစ်အုပ်စုဟာ ပိုကြီးမားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေလုပ်ဖို့ ဝန်လေးတော့မှာ မဟုတ်ပါဘူး။ ဝမ်းနည်းစရာ ကောင်းတာကတော့ တိုင်းပြည်ကို ဖျက်ဆီးနေပေမဲ့ သူတို့ဘက်က ကြီးကြီးမားမား ပြန်ပေးဆပ်ရမှာ မဟုတ်ဘူးလို့ စစ်တပ်က ယုံကြည်နေတာပါပဲ။ ရွေးကောက်ပွဲ အကြိုကာလ အခြေအနေတွေနဲ့ တခြားအာဏာရှင်တွေရဲ့ ရွေးကောက်ပွဲကို အသုံးချပြီး အောင်မြင်နေတာကို ကြည့်ရင် စစ်အုပ်စုရဲ့ အဲ့ဒီယုံကြည်ချက် မှန်သွားနိုင်ပါတယ်။

ဂျိုရှုအာကာလန့်ဇစ်ခ်/ အန်နာဘဲလ် ရစ်ခ်တာ 

Ref: CRF

(နယူးယောက်ခ်အခြေစိုက် အမေရိကန် နိုင်ငံခြားဆက်ဆံရေးကောင်စီ (CFR) ဝက်ဆိုက်တွက် အရှေ့တောင်အာရှနှင့် တောင်အာရှဆိုင်ရာ အကြီးတန်းသုတေသီ Joshua Kurlantzick နှင့် တွဲဖက် သုတေသီ  Annabel Richter တို့ ရေးသားထားသည့် “In Myanmar, the World’s Indifference to Authoritarianism Is on Full Display”သုံးသပ်ချက်ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013