
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဟာ စစ်ဦးစီးချုပ် ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ ၂-၃-၁၉၆၂ အာဏာသိမ်းပွဲနဲ့ စတင်ခဲ့တယ်လို့ မြန်မာပြည်သူအများစုကြီးက ယူဆထားကြပါတယ်။ အမှန်တော့ ဒီနိုင်ငံမှာ ပထမဆုံး စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားတာက ၁၉၅၈ မှာပါ။ ၁၉၅၆ ရွေးကောက်ပွဲမှာ အာဏာရ ဖဆပလ က ပဲ့ထွက်သွားသူတွေ ခေါင်းဆောင်တဲ့ ပမညတ မဲအရများတာကို အကြောင်းပြုပြီး ကျန် ဖဆပလ ခေါင်းဆောင်တွေ သန့်ရှင်းနဲ့ တည်မြဲ အကွဲမှာ ဗိုလ်နေဝင်းက နိုင်ငံရေးသမားအခက် စစ်တပ်အချက် ဆိုတဲ့ အတွေးနဲ့ အာဏာထသိမ်းတာပါ။ ဒါပေမဲ့ အဲဒီအချိန်တုန်းက သူ့ကိုယ်သူ ယုံကြည်မှုအပြည့်အဝ မရှိသေးတဲ့ ဗိုလ်နေဝင်းဟာ ပါးနပ်တဲ့ ဦးနုရဲ့ ကျော့ကွင်းကို လွတ်အောင်မရှောင်နိုင်ဘဲ စစ်တပ်က အပြည့်အဝ အာဏာသိမ်းလိုက်တဲ့ ပုံစံအစား ရွေးကောက်ပွဲလုပ်ပေးဖို့ နှစ်ဖက်သဘောတူ အချိန်ကာလတခုအထိ စစ်တပ်က အခြေခံဥပဒေနဲ့ အညီ အာဏာလွှဲပြောင်းရယူတဲ့ပုံစံကို လက်ခံလိုက်ရပါတယ်။ ဘာပဲပြောပြော အဲဒီ အာဏာရကာလက ဗိုလ်နေဝင်းနဲ့ သူ့စစ်တပ်အတွက် အလဟဿတော့ မဖြစ်ခဲ့ပါဘူး။ ဝတ်စုံပြည့် အစမ်းလေ့ကျင့်မှုတခု ဖြစ်ခဲ့ပါတယ်။ ၂-၃-၁၉၆၂ မှာ တရားဝင်ပွဲထွက်နိုင်ဖို့အတွက်ပါ။
ဒီတော့ ၁၉၆၂ က အခု ၂၀၂၅ အထိဆိုရင် ၆၃ နှစ် ရှိသွားပါပြီ။ အဲဒီထဲက NLD ပြည်သူ့အစိုးရအုပ်ချုပ်တဲ့ ၅ နှစ်ကို ဖယ်လိုက်ရင် စစ်အာဏာရှင်စနစ်ရဲ့ သက်တမ်းက ၅၈ နှစ် ဖြစ်ပါတယ်။ ဒီကာလကို သမိုင်းပညာရှင်တွေ၊ သမိုင်းလေ့လာသူတွေက ရှုထောင့်မျိုးစုံက ချဥ်းကပ်လေ့လာပြီး ကောက်ချက်တွေ ချခဲ့ကြပါတယ်။ သမိုင်းလေ့လာသူတယောက်ဖြစ်တဲ့ ကျနော်ကလည်း ရှုထောင့်တခုက ချဥ်းကပ်လေ့လာ ကောက်ချက်ချကြည့်မိခဲ့ပါတယ်။ အဲဒါက ဒီလိုပါ။
ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီး ဆိုရင် မြန်မာ့သမိုင်းကို လေ့လာသူအားလုံး သိကြပါတယ်။ သူတို့က မြန်မာနိုင်ငံကို ဖက်ဆစ်ဂျပန်တွေ အုပ်စိုးထားတဲ့ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေ ဂျပန်ကို တော်လှန်ဖို့ မပြင်ဆင်ဘဲ တယောက်ပြီးတယောက် မိန်းမယူပြီး ပြည်သူတွေရဲ့ဒုက္ခကို မေ့လျော့နေကြတယ်ဆိုတဲ့ အတွေးနဲ့ မကျေမနပ် ဖြစ်နေကြတဲ့ စစ်အရာရှိငယ်တွေ ဖြစ်ပါတယ်။ အဲဒီမကျေနပ်ချက် ရင့်သန်လာတဲ့အခါ သူတို့က ဗိုလ်နေဝင်းကို ခေါင်းဆောင်တင်ပြီး ဂျပန်ကို တော်လှန်ဖို့ စီစဥ်ကြပါတယ်။ တပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း သြဇာကို မကျော်နိုင်တဲ့ ဗိုလ်နေဝင်းကလည်း သူတို့နှစ်ယောက်ကို တပည့်မွေးပြီး အားစုပါတယ်။ ဒါကြောင့် သူတို့သုံးယောက်က ဆရာရင်း တပည့်ရင်းတွေပါ။
၅၈ မှာ အာဏာရလာတော့ ဗိုလ်နေဝင်းက ဗိုလ်မောင်မောင်ကို ပြည်ထဲရေးတာဝန်ခံ၊ ဗိုလ်အောင်ကြီးကို စီးပွားရေးတာဝန်ခံအဖြစ် ခန့်အပ်ပါတယ်။ အစ္စရေးမှာ ထောက်လှမ်းရေးသင်တန်း တက်ဖူးတဲ့ ဗိုလ်မောင်မောင်က အဲဒီ အိမ်စောင့်အစိုးရ ကာလအတွင်း ဆရာ့ထက် တပည့်လက်စောင်းထက်ခဲ့ပါတယ်။ ပြည်ထဲရေး လုံခြုံရေးကိစ္စအားလုံး သူ့လက်သူ့ခြေလို ဖြစ်လာခဲ့တာနဲ့အမျှ သူ့ရဲ့သြဇာလည်း တက်လာခဲ့ပါတယ်။ ဒါကို မျက်စိဆံပင်မွေး စူးလာတဲ့ ဗိုလ်နေဝင်းက မကြာခင်မှာ ဗိုလ်မောင်မောင်ကို ခေါ်ပြီး တပ်ကို မင်းခေါင်းဆောင်မလား ငါခေါင်းဆောင်ရမလားလို့ လူမိုက်စကား ပြောပါတယ်။ အန္တရာယ်အနံ့ ရသွားတဲ့ ဗိုလ်မောင်မောင်လည်း တပ်က ချက်ချင်းနုတ်ထွက်ပြီး သံအမတ်ကြီးရာထူးနဲ့ အစ္စရေးကို ထွက်သွားခဲ့ရပါတယ်။ စစ်တပ်က ဦးစီးလုပ်ပေးရမယ့် ရွေးကောက်ပွဲကျင်းပဖို့ အချိန်နီးလာတဲ့အခါ ဗိုလ်နေဝင်းရဲ့ စကားအသွားအလာကိုကြည့်ပြီး မြောက်ပိုင်းတိုင်းမှူး ဗိုလ်အောင်ရွှေ အပါအဝင် စစ်အရာရှိတစုက တည်မြဲဘက်ကိုပင်းတဲ့ အလုပ်တွေ ပေါ်ပေါ်ထင်ထင်တမျိုး မပေါ်မထင်တမျိုး လုပ်ကြပါတယ်။ တည်မြဲခေါင်းဆောင်တချို့ကလည်း နိုင်ရင်လည်း နိုင်ရမယ် ရှုံးရင်လည်း နိုင်ရမယ် နှစ် ၄၀ အာဏာတည်ရမယ် စတဲ့ မောက်မာတဲ့စကားတွေ ပြောပါတယ်။ ပြည်သူတွေက စစ်တပ်ကိုရော အဲဒီ တည်မြဲခေါင်းဆောင်တွေကိုပါ အမြင်ကပ်ပြီး ရွေးကောက်ပွဲမှာ သန့်ရှင်းကို ပုံအောပြီး မဲထည့်လိုက်ကြပါတယ်။ သန့်ရှင်းက အစိုးရဖြစ်လာတဲ့အခါ စစ်အရာရှိတချို့ရဲ့ အထက်ကလုပ်ရပ်ကို ဗိုလ်နေဝင်းကို တိုင်ပါတယ်။ ဗိုလ်နေဝင်းက အစိုးရကျေနပ်အောင် အဲဒီစစ်အရာရှိတွေကို တပ်က ထုတ်ပယ်လိုက်ပါတယ်။
ဗိုလ်နေဝင်းက တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဆိုတဲ့ ရာထူးနဲ့တမျိုး၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီဥက္ကဋ္ဌ ဆိုတဲ့ ရာထူးနဲ့တဖုံ၊ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌဆိုတဲ့ ရာထူးနဲ့တနည်း၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် သမ္မတဆိုတဲ့ ရာထူးနဲ့တသွယ် နိုင်ငံကို ၂၆ နှစ်ကြာ အုပ်ချုပ်ခဲ့ပါတယ်။ ဒီကာလအတွင်း သူက သူ့ရာထူး အာဏာကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့ရော ပြည်သူတွေကို ချော့မြှူချွေးသိပ်ဖို့ ရည်ရွယ်ချက်နဲ့ပါ ဟင်္သာကိုးသောင်းဇာတ်ကို အကြိမ်ကြိမ် ခင်းခဲ့ပါတယ်။
ပထမဆုံးအ စားခံရတဲ့ဟင်္သာက သူ့ရဲ့ ညာလက်ရုံး ဗိုလ်အောင်ကြီး ဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီအစိုးရ ခေတ်မှာလည်း စီးပွားရေးတာဝန်ခံ ဆက်ဖြစ်လာတဲ့ ဗိုလ်အောင်ကြီးဟာ နိုင်ငံခြားဆန်အရောင်းအဝယ်ကိစ္စတခုမှာ သူ့ကို ကျော်လုပ်တယ်ဆိုတဲ့ အမြင်နဲ့ ဗိုလ်နေဝင်းက တာဝန်က ရပ်ဆိုင်းလိုက်ပါတယ်။ နောက်တကြိမ်က အလုပ်သမား/ကျောင်းသား အရေးအခင်းတွေအပြီး ၁၉၇၇/၇၈ လောက်မှာ ဖြစ်ပါတယ်။ ၆၂ အာဏာသိမ်းပွဲပြီးနောက် မကြာမီမှာ တည်ထောင်လိုက်တဲ့ (စစ်တပ်ကျောရိုးပြု) အမြုတေပါတီထဲကို ဝင်ရောက်လာခဲ့ကြတဲ့ လက်နက်ချ ကွန်မြူနစ်တွေ အပါအဝင် နိုင်ငံရေးပါတီအသီးသီးက ဒုတိယတန်း၊ တတိယတန်း နိုင်ငံရေးသမားတွေကို အဲဒီကာလမှာ ပါတီသန့်စင်ရေး ခေါင်းစဥ်နဲ့ ဖယ်ရှားပစ်လိုက်တာ ဖြစ်ပါတယ်။ သူ့ရဲ့မွေးစားသားလို့တောင် တင်စားခြင်းခံခဲ့ရတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးဟာလည်း အဲဒီကာလ ဝန်းကျင်လောက်မှာပဲ ဖယ်ရှားခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ထဲမှာ လူသိများတဲ့ နောက်ထပ် တင်ဦးတယောက် ရှိပါသေးတယ်။ မျက်မှန်တင်ဦး/လန်ဘားတင်ဦး လို့ သိကြတဲ့ စစ်တပ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ်တင်ဦးပါ။ သူ့ကို ဗိုလ်နေဝင်းက ယုံကြည်အားကိုးလွန်းလို့ ဒီရာထူးမှာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ သူကလည်း ဗိုလ်နေဝင်းရဲ့ ယုံကြည်မှုကို ထိုက်ထိုက်တန်တန် တုံ့ပြန်ခဲ့တာကြောင့် တပ်ထဲမှာရော အစိုးရအသိုင်းအဝိုင်းမှာပါ ဗိုလ်တင်ဦးဟာ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခြင်းခံရသူ ဖြစ်လာပါတယ်။ ဒါကြောင့် ဗိုလ်တင်ဦးကို နံပါတ်တစ် ဗိုလ်နေဝင်းနဲ့ နံပါတ်နှစ် ဗိုလ်စန်းယုတို့ ကြားမှာရှိတဲ့ နံပါတ်တစ်ခွဲလို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဗိုလ်တင်ဦး သြဇာသိပ်ကြီးလာတဲ့အခါ သူလည်း ဗိုလ်မောင်မောင်လိုပဲ ရာထူးက ဖယ်ရှားခြင်း ခံခဲ့ရပါတယ်။ သူက ဗိုလ်မောင်မောင်လောက် ကံမကောင်းတာကတော့ ထောင်ထဲမှာ ၆ နှစ်လောက် (၁၉၈၂-၈၈) သွားနေခဲ့ရတာပါပဲ။
ဗိုလ်နေဝင်း ဦးဆောင်တဲ့ မဆလ အစိုးရရဲ့ စီးပွားရေးမူဝါဒ အမှားတွေကြောင့် ၁၉၈၀ နှောင်းပိုင်းနှစ်တွေမှာ မြန်မာ့စီးပွားရေး တရိပ်ရိပ် ကျဆင်းလာပါတယ်။ ဒါကို ပြုပြင်ကုစားဖို့ အရဲကိုး ကြိုးစားတဲ့အနေနဲ့ သူ့တပည့်ရင်းတချို့က ဗိုလ်နေဝင်းကို အနုနည်းနဲ့ ပါတီခေါင်းဆောင် ရာထူးက ဖယ်ရှားဖို့ စီစဥ်ကြပါတယ်။ ဗိုလ်နေဝင်းက လက်မခံဘဲ အဲဒီတပည့်ရင်းတွေကို ရာထူးက ဖယ်ရှားပစ်ခဲ့ပါတယ်။ ပါတီအတွင်းရေးမှူးအဖွဲ့ တဖွဲ့လုံး ပြုတ်သွားပါတယ်။ ၁၉၈၇/၈၈ မှာ ငွေစက္ကူအရေးအခင်းနဲ့ ဘုန်းမော်အရေးအခင်းတွေ ဆက်တိုက်ဖြစ်လာတော့ ပြည်သူတွေကို ချွေးသိပ် ချော့မြှူတဲ့အနေနဲ့ အစိုးရအဖွဲ့ ခေါင်းဆောင်တချို့ကို ဖယ်ရှားခဲ့ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး စလာတော့ သူကိုယ်တိုင် ထိပ်ဆုံးရာထူးတွေကို စွန့်ပြပြီး တပည့်ရင်း ဗိုလ်စိန်လွင်ကို သမ္မတရာထူး ပေးခဲ့ပါတယ်။ ပြည်သူတွေက နောက်မဆုတ်တော့ ဗိုလ်စိန်လွင်ကို ဖယ်ရှားပြီး နောက်ထပ် တပည့်ရင်းတယောက်ဖြစ်တဲ့ ဒေါက်တာမောင်မောင်ကို သမ္မတရာထူး ပေးလိုက်ပြန်ပါတယ်။ အဲဒီလုပ်ရပ် မအောင်မြင်ပြန်တော့ စစ်ဦးစီးချုပ် ဗိုလ်စောမောင်နဲ့ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွန့်တို့ကို ခေါ်ပြီး အာဏာသိမ်းခိုင်းလိုက်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီက သောင်ပြိုကမ်းပြိုနိုင်သွားတော့ စကားတွေကျွံပြီး နုတ်မရဖြစ်နေတဲ့ ဗိုလ်စောမောင်ကို ဖယ်ပြီး ဒု/ချုပ် ဗိုလ်သန်းရွှေကို နန်းတင်ပေးလိုက်ပါတယ်။
ဗိုလ်သန်းရွှေက သူ့အာဏာ ခိုင်မာဖို့အတွက် သူ့ရဲ့ကျေးဇူးရှင် ခေါင်းကိုင်ဖခင်ကြီး ဗိုလ်နေဝင်းကို အိမ်အကျယ်ချုပ်ချပြီး သမက်နဲ့ မြေးတွေကို ထောင်ထဲထည့်၊ သေဒဏ်စီရင်ချက်တွေ ချမှတ်လိုက်ပါတယ်။ မကြာမီမှာ သူနဲ့ခေတ်ပြိုင်တွေဖြစ်တဲ့ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ ဗိုလ်မြင့်အောင် စတဲ့ စစ်တိုင်းမှူးတွေကို ဖယ်ရှားလိုက်ပါတယ်။ နောက်ဆုံးမှာ သူ အာဏာပလ္လင်သို့ တက်လှမ်းရာမှာ ခုတုံးအဖြစ် အသုံးပြုခဲ့တဲ့ ဗိုလ်ခင်ညွန့်နဲ့ ထောက်လှမ်းရေးတဖွဲ့လုံးကို ဖယ်ရှားလိုက်ပါတယ်။ ဗိုလ်ခင်ညွန့်က အိမ်အကျယ်ချုပ်၊ ကျန်ထောက်လှမ်းရေးအရာရှိကြီး အများအပြားက ထောင်ထဲမှာ ဆယ်စုနှစ်တခုဝန်းကျင် နေထိုင်ခဲ့ကြရပါတယ်။ အတွင်းရေးမှူး ၂ ဗိုလ်တင်ဦးနဲ့ စစ်အရာရှိကြီးတစုလည်း (လျှို့ဝှက်ဆန်းကြယ်စွာ) ရဟတ်ယာဥ်ပျက်ကျပြီး သေဆုံးသွားခဲ့ကြပါတယ်။ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေးမယ်ဆိုရင် ဒေါ်လာသန်း ၁,၀၀၀ ကူညီမယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ကမ်းလှမ်းချက်ကို ကျုပ်တို့က ငှက်ပျောသီးပြပြီး ကျွမ်းထိုးခိုင်းလို့ရတဲ့ မျောက်တွေ မဟုတ်ဘူးလို့ ဗိုလ်သန်းရွှေအကြိုက် လိုက်ပြီးပြောဆိုခဲ့တဲ့ စစ်အရာရှိဟောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်ဟာလည်း ဗိုလ်သန်းရွှေ မျက်မာန်ရှချိန်မှာ ထောင်ထဲအထည့်ခံရပြီး ထောင်ထဲမှာ သေဆုံးသွားခဲ့ရပါတယ်။
နအဖ စစ်အစိုးရခေတ်မှာ စစ်တပ်ရဲ့ နံပါတ် ၃ ဖြစ်ခဲ့တဲ့ ဗိုလ်ရွှေမန်းဟာလည်း ဗိုလ်သန်းရွှေ ဇာတ်ညွှန်း ရေးခဲ့တဲ့ ဗိုလ်သိန်းစိန် ခေါင်းဆောင်တဲ့ အရပ်ဝတ်လဲ စစ်အစိုးရလက်ထက်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူး ရခဲ့ပေမဲ့ ပထမ ဗိုလ်သိန်းစိန်အစိုးရနဲ့ အဆင်မပြေ၊ နောက်တော့ လွှတ်တော်ထဲ ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်းနှီးသွားခဲ့မိလို့ ဗိုလ်သန်းရွှေရဲ့ မျက်စိဆံပင်မွေးစူးခြင်း ခံရပြီး သန်းခေါင်ယံ အာဏာသိမ်းပွဲနဲ့ ကြံ့/ဖွံ့ပါတီဥက္ကဋ္ဌ ရာထူးက ဖယ်ရှားခြင်း ခံခဲ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်မဲတွေနဲ့ အစိုးရဖြစ်လာတဲ့ NLD က ပြည်ထောင်စုအဆင့် ကော်မရှင်တခု အရေးပေါ်ဖွဲ့ပြီး အဲဒီကော်မရှင်ရဲ့ ဥက္ကဋ္ဌအဖြစ် ခြေမြန်လက်မြန် ခန့်လိုက်လို့သာ ဗိုလ်ရွှေမန်းတယောက် ထောင်ထဲရောက်မသွားဘဲ ကံကောင်းလို့မသေ သံချောင်းတို့အဖေ ဖြစ်သွားခဲ့တာပါ။
၂၀၂၁ မှာ အာဏာသိမ်းတဲ့ ဗိုလ်မင်းအောင်လှိုင် လက်ထက်မှာတော့ စားလိုက်တဲ့ ဟင်္သာတွေက ရေတွက်လို့တောင် မရနိုင်တော့သလောက်ပါပဲ။ မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့ဖူးသမျှ စစ်အုပ်စုတွေထဲမှာ ပြည်သူတွေရဲ့ စက်ဆုပ်ရွံရှာမုန်းတီးမှုကို အခံရဆုံးအုပ်စု ဖြစ်တာကြောင့် ဒီအုပ်စု ကြုံတွေ့နေရတဲ့ ဘက်ပေါင်းစုံက ဖိအားတွေက အကြီးဆုံးဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် ဗိုလ်မင်းအောင်လှိုင်ဟာ ပြည်သူတွေကို အတောမသတ်နိုင်အောင် သတ်ဖြတ်နေရတဲ့ တချိန်တည်းမှာ သူ့ရဲ့ ဇာတ်တူသားတွေကိုလည်း အဆက်မပြတ် စားနေရပါတယ်။ ၄ နှစ်ကျော်အတွင်း သူစားခဲ့တဲ့ ဇာတ်တူသား အရေအတွက်က ၂၆ နှစ်အတွင်း ဗိုလ်နေဝင်း စားခဲ့တဲ့ အရေအတွက်၊ နှစ် ၂၀ အတွင်း ဗိုလ်သန်းရွှေ စားခဲ့တဲ့ အရေအတွက်ထက် ပိုများနေပါပြီ။ ဗိုလ်အောင်စိုး၊ ဗိုလ်စိုးထွတ်၊ ဗိုလ်သန်းလှိုင်၊ ဗိုလ်မိုးမြင့်ထွန်းတို့လို လူသိများသူတွေပါသလို လူတွေသိပ်မသိကြတဲ့ ဝန်ကြီး၊ တိုင်းမှူး၊ တပ်မမှူးတွေလည်း အများကြီးပါ။ ဗိုလ်မင်းအောင်လှိုင် အကြောက်လွန်ပြီး စားတဲ့ထဲမှာ ဗိုလ်သန်းရွှေရဲ့သမက် ဗိုလ်နေစိုးမောင်၊ ဦးသိန်းစိန်ခေတ် ပြန်ကြားရေးဝန်ကြီး ဗိုလ်ရဲထွဋ်၊ ထမင်းတနပ် ဗိုလ်မြင့်လှိုင်တို့လို ဟင်္သာအဟောင်းကြီးတွေတောင် ပါလိုက်ပါသေးတယ်။ ကြည့်ခဲ့ဖူးတဲ့ သိပ္ပံ ခေတ်လွန် စိတ်ကူးယဥ် ရုပ်ရှင်ဇာတ်ကားတကားထဲက တခြားသူတွေရဲ့ သွေးတွေကို စုပ်မျိုပြီး သူ့အသက်ကို ဆက်နေတဲ့ ဖုတ်ကောင်ကြီးလိုပဲ ဗိုလ်မင်းအောင်လှိုင်က သူနဲ့ ဇာတ်မတူတဲ့ ပြည်သူတွေရဲ့ သွေးတွေ၊ သူနဲ့ ဇာတ်တူတဲ့ စစ်ဗိုလ် စစ်သားတွေရဲ့ သွေးတွေကို စုပ်မျိုပြီး သူ့အသက်ဆက်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဗိုလ်နေဝင်းအစ ဗိုလ်မင်းအောင်လှိုင် အဆုံး စစ်ဝါဒီတွေ (မလွှဲသာမရှောင်သာ) ခင်းကျင်းပြသခဲ့/နေကြတဲ့ ဟင်္သာကိုးသောင်းဇာတ်ကို ကြည့်ပြီး မဆလခေတ်က စီးပွားရေးမူဝါဒ ချမှတ်သူတွေရဲ့ လုပ်ရပ်တခုကို သွားသတိရမိပါတယ်။ အဲဒီတုန်းက ငွေမာ (ဒေါ်လာ) ပြည်ပထွက်တဲ့ ပမာဏကို လျှော့ချနိုင်ဖို့၊ နိုင်ငံခြားက ငွေမာရရှိနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သွင်းကုန်အစားထိုးမူဝါဒ ဆိုတာကို ချမှတ်ပြီး စက်မှုပစ္စည်းတွေ ထုတ်လုပ်ဖို့ ပြည်တွင်းမှာ စက်ရုံတွေ တည်ပါတယ်။ အခု ငွေဆောင်တို့ ချောင်းသာတို့ ဖြစ်နေတဲ့ ပင်လယ်ကမ်းခြေတွေက သဲတွေဟာ မှန်ချက်ဖို့ သင့်တော်တယ်လို့ နိုင်ငံခြားပညာရှင် ဆိုသူတွေက အကြံပေးတဲ့အတွက် ပုသိမ်မှာ မှန်ချက်စက်ရုံ တည်ပါတယ်။ တိုတိုပြောရရင် အမှန်တကယ် အသုံးတည့်တဲ့ သဲတွေရဲ့ ပမာဏကို အတွက်မှားတဲ့အတွက် အဲဒီသဲတွေက မကြာခင် ကုန်သွားပါတယ်။ ဒါပေမဲ့ ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်လို့လည်း မဖြစ်ပါဘူး။ အကြောင်းကတော့ မှန်ချက်တဲ့ စက်ယန္တရားတွေက အဆက်မပြတ် လည်ပတ်နေရတဲ့ စက်အမျိုးအစား ဖြစ်တာကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တာနဲ့ စက်ယန္တရားတွေဟာ သုံးမရတော့ဘဲ ပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စက်ယန္တရားတွေ ပျက်စီးမသွားစေဖို့ စက်ရုံတာဝန်ရှိသူတွေဟာ ထုတ်လုပ်ပြီးသား မှန်တွေကို ထုခွဲ ချေမွပြီး စက်ထဲကို မပြတ် ပြန်ထည့်ပေးနေရပါတယ်။ အခုတော့ အဲဒီစက်ရုံဇာတ်လမ်းလည်း မကြားရတော့ပါဘူး။ စက်ရုံတည်တဲ့ ရည်ရွယ်ချက်နှစ်ခု အောင်မြင်ခဲ့သလား၊ မအောင်မြင်ခဲ့ဘူးလား ဆိုတာလည်း မသိရပါဘူး။ စက်ရုံရှိနေသေးသလား၊ မရှိတော့ဘူးလား ဆိုတာကိုတောင် မသိရတော့ပါဘူး။
နွားအိုနောက်ကျသား စစ်ဝါဒီ ဗိုလ်မင်းအောင်လှိုင်တို့တတွေ ကိုယ်စားပြုတဲ့ စစ်အာဏာရှင်စနစ်လည်း ပုသိမ်မှန်ချက်စက်ရုံကြီးလို ကိုယ့်စက်ရုံကထုတ်တဲ့ မှန်တွေကို ကိုယ်ပြန်လည်ထုခွဲ ချေမွပြီး ကြိတ်ဝါးလာခဲ့ရတာ ကြာလည်းကြာခဲ့လှ၊ များလည်း များခဲ့လှပါပြီ။ စတည်ကတည်းက မှားခဲ့တဲ့ စက်ရုံကြောင့် ဘယ်နေ့ ငါတို့အလှည့် ရောက်မလဲလို့ မှန်ချပ်တွေ စိုးရိမ်နေကြရသလို ညစဥ် အကုသိုလ်တစ္ဆေ အခြောက်ခံရပြီး တရေးဝဝမှ မှေးစက်မပျော်နိုင် ဖြစ်နေကြတဲ့ ဗိုလ်မင်းအောင်လှိုင် အပါအဝင် G-Z စစ်ဝါဒီတစုကို ကြည့်ရင်း စစ်အာဏာရှင်စနစ် ပုသိမ်မှန်ချက်စက်ရုံကြီး ရပ်စဲ ပျက်စီးသွားမယ့်နေ့ တရွေ့ရွေ့ နီးကပ်လာနေတာကို အားလုံးက မြင်တွေ့နေကြရပါတယ်။
စည်တော်သံ