
မိုက်ခရိုဖုန်းပါတဲ့နားကြပ် တပ်ထားရုံနဲ့ ဘာသာစကားတွေကို အချိန်နဲ့တပြေးညီ ဘာသာပြန်ဆိုပေးနိုင်မဲ့ “Live Translate” ဝန်ဆောင်မှုသစ်ကို Google Translate အက်ပလီကေးရှင်းမှာ စတင်ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။
“Live Translate” မှာ မြန်မာ့အိမ်နီးချင်း ထိုင်းနဲ့ ဗီယက်နမ် အပါအဝင် ကမ္ဘာတဝန်းက ဘာသာစကား ၇၀ ကျော်ကို အထောက်အပံ့ ပေးသွားမှာဖြစ်ပေမဲ့ မြန်မာဘာသာစကားတော့ မပါဝင်သေးပါဘူး။
Android ဖုန်းတွေမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး နားကြပ်တပ်ပြီး “Live translate” ခလုတ်နှိပ်လိုက်ရုံနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Live Translate ကို အရင်တုန်းက Pixel Buds 2 Pro လို Google ထုတ် နားကြပ်တွေနဲ့ ဖုန်းတချို့မှာပဲ သုံးလို့ရခဲ့ပေမဲ့ အခုအခါမှာတော့ မိုက်ပါတဲ့ ဘယ်နားကြပ်နဲ့မဆို တွဲဖက်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
ဒီစနစ်ကို အမေရိကန်၊ မက္ကဆီကိုနဲ့ အိန္ဒိယနိုင်ငံတွေမှာ စတင်ဖြန့်ချိနေပြီး တခြားနိုင်ငံတွေနဲ့ iOS စနစ်အတွက်ကိုတော့ ၂၀၂၆ ခုနှစ်မှာ ရရှိမယ်လို့ ဆိုပါတယ်။
Gemini နည်းပညာကြောင့် ဘာသာပြန်ရာမှာ စကားပြောသူရဲ့ လေသံ၊ အဖြတ်အတောက်နဲ့ အရပ်သုံးစကားတွေကိုပါ ပိုပြီး တိတိကျကျ၊ သဘာဝကျကျ ပြန်ဆိုပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘာသာစကားလေ့လာသူတွေအတွက် နေ့စဉ်ရက်ဆက် လေ့လာမှုမှတ်တမ်း ကြည့်ရှုနိုင်မဲ့ ဝန်ဆောင်မှုပါ ထည့်သွင်းပေးထားပါတယ်။
ဒီစနစ်မှာ ဘာသာပြန်အရည်အသွေး ပိုကောင်းမွန်ဖို့အတွက် ဂူးဂဲလ်ရဲ့ Gemini AI နည်းပညာ သုံးထားပါတယ်။


