Home
နိုင်ငံတကာ
NATO အဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းမှု ယူကရိန်းစွန့်လွှတ်
DVB
·
December 15, 2025
Photo: Reuters

ယူကရိန်းဟာ ရုရှားနဲ့ စစ်ပွဲကို အဆုံးသတ်ရာမှာ အနောက်နိုင်ငံတွေရဲ့ လုံခြုံရေးအာမခံချက်တွေ အတွက် အပြန်အလှန်အားဖြင့် မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းချက်ကို စွန့်လွှတ်လိုက်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဒီဇင်ဘာ ၁၄ ရက်မှာ ဂျာမနီနိုင်ငံရဲ့ မြို့တော်ဘာလင်မှာ အမေရိကန်သံတမန်တွေနဲ့ မဆွေးနွေးမီ ပြောလိုက်ပါတယ်။

ယူကရိန်းဟာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ NATO စစ်ရေးမဟာမိတ်အဖွဲ့မှာ ပါဝင်နိုင်ရေး တိုက်ပွဲဝင်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဒီလို ရည်မှန်းချက်တခုပါရှိပါတယ်။  ဒါပေမဲ့ ဇလန်းစကီးရဲ့ အခုပြောဆိုချက်ဟာ ယူကရိန်းအတွက် အပြောင်းအလဲတရပ်လည်း ဖြစ်ပါတယ်။

ဒါဟာ ရုရှားရဲ့ စစ်ပွဲရည်မှန်းချက်တွေထဲက တခုကို ပြည့်မီပေမဲ့ ယူကရိန်းအစိုးရက ရုရှားအစိုးရဆီ နယ်မြေလွှဲပြောင်းပေးတာကို အခုအချိန်အထိ အခိုင်အမာ ဆန့်ကျင်ထားပါတယ်။

ဇလန်းစကီးက WhatsApp မှာ သတင်းထောက်တွေနဲ့ မျှဝေခဲ့တဲ့ အသံမက်ဆေ့ခ်ျတွေထဲမှာ NATO အဖွဲ့ဝင်အဖြစ် မဟုတ်ဘဲ အမေရိကန်၊ ဥရောပနဲ့ တခြား မိတ်ဖက်တွေရဲ့ လုံခြုံရေးအာမခံချက်တွေဟာ ယူကရိန်းဘက်က ညှိနှိုင်းမှုတခုကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဇလန်းစကီးဟာ အစောပိုင်းက ဂုဏ်သိက္ခာရှိတဲ့ ငြိမ်းချမ်းရေးနဲ့ ရုရှားက ယူကရိန်းကို ထပ်ပြီးတိုက်ခိုက်မှာမဟုတ်ကြောင်း အာမခံချက်တွေကို တောင်းဆိုခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့ အသေအပျောက်အများဆုံး ပဋိပက္ခကို အဆုံးသတ်ဖို့ ဘာလင်မြို့တော်မှာ အမေရိကန်သံတမန်တွေ၊ ဥရောပမဟာမိတ်တွေနဲ့ တွေ့ဆုံဖို့ ဇလန်းစကီးက ပြင်ဆင်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013