
စစ်တပ်ကဦးဆောင်တဲ့ ရွေးကောက်ပွဲမှာ မှတ်ပုံကတ်တမျိုးမျိုးပါမှ မဲပေးခွင့်ရမှာဖြစ်လို့ ကတ်မရှိသူတွေ သွားလုပ်ကြဖို့အတွက် စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းပါတယ်။
ရွေးကောက်ပွဲဝင်ပြိုင်မဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ လူတွေကို အသိပေးနှိုးဆော်နိုင်ဖို့ဆိုပြီး ဒီဇင်ဘာ ၁၁ ရက်က ပေးပို့တဲ့စာမှာ ဖော်ပြထားတာပါ။
ရွေးကောက်ပွဲနေ့မှာ မဲပေးခွင့်ရဖို့အတွက် သက်ဆိုင်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အမျိုးသားမှတ်ပုံတင်ကတ်ပြား၊ ဧည့်နိုင်ငံသား ဒါမှမဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ်တို့ ပါရှိရမယ်လို့ဆိုပါတယ်။
ဒါကြောင့် မဲစာရင်းမှာပါပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်တွေ ပျက်စီး၊ ပျောက်ဆုံးလို့ လက်ဝယ်မရှိသူတွေ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်တွေ အမြန်ဆုံးရရှိရေး သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ကြဖို့ တိုက်တွန်းခိုင်းထားတာပါ။
မှတ်ပုံတင်ပျောက်သွားလို့ ပြန်သွားလုပ်ခဲ့သူတယောက်က “နဂိုကတည်းက လုပ်ပေးလို့ရတာ လွယ်လွယ်မြန်မြန် လုပ်ပေးလိုက်ရင်ပြီးနေတာ။ ပိုက်ဆံပုံပေးတဲ့သူဆို ရုံးတောင်လာစရာမလိုတာ ကိုယ်တွေ့ဆိုတော့ ရွေးကောက်ပွဲဗန်းပြပြီး ဒီခွင်သွားဖို့များမယ်လို့မြင်တယ်” လို့ ပြောပါတယ်။
စစ်အုပ်စုကစီစဉ်တဲ့ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်ကစလို့ လုပ်သွားဖို့ရှိတာဖြစ်ပြီး ရွေးကောက်ပွဲစဖို့ ရက်ပိုင်းအလိုမှာမှ အသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။


