
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲဒရုန်း ၂ စီး ပျက်ကျခဲ့ပြီး တစီးက မီးလောင်ပျက်စီးသွားကာ တစီးကိုတော့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၆ ရက်နဲ့ ၈ ရက်နေ့တွေမှာ ကြို့ပင်ကျေးရွာ စစ်ကောင်စီအထိုင်စခန်းကနေ နတ်တလင်းမြို့နယ်အတွင်း ကျေးရွာတွေကို ဗုံးလာကြဲတဲ့ စစ်ကောင်စီတပ်ရဲ့ ဒရုန်း ၂ စီး ပျက်ကျခဲ့တာလို့ နတ်တလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
“စစ်တပ်ရဲ့ အထိုင်စခန်းရှိတဲ့ ကြို့ပင်သာရွာကနေပြီးတော့ အနီးနားက ကျေးရွာတွေကို ဗုံးကြဲဖို့ လွှတ်တင်လိုက်တဲ့ ၂ စီး ပျက်ကျခဲ့တာပါ။ ပထမပျက်ကျတဲ့အစီးကတော့ မီးလောင်ပျက်စီးသွားတယ်။ နောက်တစီးကတော့ ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိခဲ့တာပါ။ တစီးနဲ့တစီး ပျက်ကျတဲ့ ရက်စွဲတွေကလည်း မတူကြပါဘူး။”
ပထမ ဒရုန်းတစီးကတော့ မီးလောင်ပျက်စီးသွားလို့ မရလိုက်ဘဲ နောက်ပျက်ကျတဲ့ တစီးကတော့ သရက်ပင်ကံရိုးရွာဘက်မှာ ပျက်ကျလို့ ရဲဘော်တွေ နယ်မြေရှင်းလင်းရေးသွားရင်း သိမ်းဆည်းရရှိခဲ့ကြတာပါ။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရရှိခဲ့တဲ့ အဆိုပါဒရုန်းဟာ ပန်ကာ ၆ လက်ပါ ဒရုန်းဖြစ်ပြီး ကာလတန်ကြေးအရ ကျပ် သိန်း ၁,၀၀၀ ဝန်းကျင်ရှိတယ်လို့ တော်လှန်ရေးအဖွဲ့က ပြောပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၁ ရဲ့ တပ်ရင်းမှူး ကိုမိုးကြိုးကြီးက “ကျနော်တို့အဖွဲ့တွေမှာ အဲဒီဒရုန်းတွေကို ပစ်ချနိုင်လောက်တဲ့လက်နက် မရှိပါဘူး။ ပြည်သူတွေကြောင့်ပဲ အဲဒီဒရုန်းတွေ ပျက်ကျခဲ့တယ်လို့ ပြောရမှာပါ။ ပြည်သူတွေ ဘယ်လိုလုပ်တယ် ဆိုတာတော့ ပြောပြလို့ မရသေးပါဘူး။ အခု ရဲဘော်တွေ သိမ်းဆည်းရရှိခဲ့တဲ့ ဒရုန်းကိုတော့ ပြန်လည်ပြုပြင်ပြီး တိုက်ခိုက်ရေးဘက်မှာ ပြန်လည်အသုံးပြုသွားမှာပါ” လို့ ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက်ကလည်း လက်ပံတန်းမြို့နယ်ထဲက သရက်ချောင်းကျေးရွာကို ဗုံးကြဲလာတဲ့ စစ်ကောင်စီတပ်ရဲ့ ဒရုန်း တစီးဟာလည်း စက်ချို့ယွင်းပြီးပျက်ကျခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့ပါသေးတယ်။
စစ်တပ်က တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ ပြည်သူတွေနေထိုင်ရာကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ နေအိမ်တွေနဲ့ အနီးဝန်းကျင်တွေမှာ ဗုံးခိုကျင်းတွေအပြင် လေကြောင်းရန်ကာကွယ်ရေးအစီအမံတွေကို မဖြစ်မနေပြုလုပ်ထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။


