ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲက ကျေးရွာတရွာမှာ ပြောက်ကျားအင်္ကျီဝတ်ထားတဲ့ စျေးသည်တယောက်ကို ဒီဇင်ဘာ ၂ ရက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်လိုက်ပြီး ရွာခံတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “စစ်တပ်စစ်ကြောင်းက နတ်တလင်းမြို့နယ်ထဲမှာရှိတဲ့ ငုတ်တိုရွာထဲကို ရုတ်တရက်ဝင်လာပြီး ရွာထဲလမ်းပေါ်မှာ ပြောက်ကျားအင်္ကျီဝတ်ထားပြီး စျေးရောင်းနေတဲ့ ဆိုင်ကယ်စျေးသည်တယောက်ကို ပြောက်ကျားအပေါ်အင်္ကျီ ဝတ်ထားလို့ဆိုပြီး ခေါင်းကို သေနတ်နဲ့ ပစ်သတ်သွားခဲ့တာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခံရသူဟာ အသက် ၄၅ နှစ်အရွယ် ဆိုင်ကယ်စျေးသည် ဦးညီညီကို ဖြစ်ပါတယ်။
နတ်တလင်းအခြေစိုက် နတ်စစ်သည်တပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တယောက်က “အဲဒီနေ့ မနက်ပိုင်းမှာ နတ်တလင်းမြို့ပေါ်က (--)တွေက အင်အား ၁၀၀ လောက်နဲ့ ကြို့ပင်သာရွာနဲ့ ငုတ်တိုရွာတွေထဲကို ဝင်မွှေပြီး တပ်စွဲနေကြတယ်။ ငုတ်တိုရွာနဲ့ ကြို့ပင်သာရွာတွေက နတ်တလင်းမြို့ရဲ့ အနောက်ဘက် ၇ မိုင်လောက်မှာ ရှိကြတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံတွေဟာ ဒီဇင်ဘာ ၄ ရက် ညနေပိုင်းအထိ ကြို့ပင်သာကျေးရွာနဲ့ ငုတ်တိုကျေးရွာက ဘုန်းကြီးကျောင်းတွေထဲမှာ တပ်စွဲနေကြပြီး ရွာခံတချို့ကိုလည်း ဖမ်းဆီးထားပါတယ်။
စစ်တပ်က ဒီဇင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာလည်း နတ်တလင်းမြို့နယ်ထဲမှာ ရှိတဲ့ မကျီးပင်ကျေးရွာ၊ အောင်သုခကျေးရွာ၊ ရေနောက်ကျေးရွာနဲ့ စမ်းကြီးကျေးရွာတွေကို စက်တပ်လေထီးတွေနဲ့ ဗုံးသီးအလုံး ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ အရပ်သားနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေ ကျန်ရှိနေသေးတဲ့အတွက်ကြောင့်လည်း သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်းရဲ့ တော်လှန်ရေးရဲဘော်တွေက ရှင်းလင်းသိမ်းဆည်းပေးခဲ့ရတယ်လို့လည်း သိရပါတယ်။







