
DVB Peacock Film Festival 2025 ရဲ့ နိုင်ငံတကာအကဲဖြတ်ဒိုင်တွေရဲ့ ရွေးချယ်မှုနဲ့အတူ မြန်မာပြည်တွင်းက အကြောင်းအရာအစုံကို ရိုက်ကူးပုံဖော်ထားတဲ့ မှတ်တမ်းရုပ်ရှင်ကား ၃၀ ထဲကနေ ၆ ကားကို ဆု ၇ ဆု ပေးအပ်ခဲ့ပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ပြည်သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေကို ရုပ်ရှင်အနုပညာအဖြစ် ပုံဖော်ထားတဲ့ DVB Peacock Film Festival 2025 မှာတော့ အမျိုးအစား မှတ်တမ်းရုပ်ရှင် ၃၀ ပြသခဲ့ရာမှာ ၆ ကားက ဆု ၇ ခုကို အသီးသီးရရှိခဲ့ပြီး ဆုတွေကိုတော့ နိုင်ငံတကာ အကဲဖြတ်ဒိုင်တွေက ရွေးချယ်ပေးခဲ့ကြတာပါ။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မလျော့တဲ့ ဇွဲလုံ့လနဲ့ တိုက်ပွဲဝင်နေကြတဲ့ စိတ်ဓာတ်ခွန်အားတွေကို မီးမောင်းထိုးပြထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ ဒါရိုက်တာ Mai Nyi Win Maung နဲ့ Mai Ba Nyan တို့ရဲ့ လက်ရာ The Unbroken Spirits of 1027 ကားကတော့ Organizers' Choice Award ကို ရရှိခဲ့ပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်လိုပဲ တော်လှန်ရေးအတွင်းပါဝင်နေကြတဲ့ ရှမ်းပြည်မြောက်ပိုင်းက လူတွေအကြောင်း ဆက်လက် ရိုက်ကူးပုံဖော်သွားမယ့်အကြောင်း ဒီဇာတ်ကားမှာ အကြံပေးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ကိုမက်ထရစ်က ပြောပါတယ်။
Short Doc Contest နဲ့ International Jury Best Choice Award ကိုတော့ ဒါရိုက်တာ Kha Baung ရဲ့ ပျက်စီးယိုယွင်းနေတဲ့ မြေပြင်ကို ဖြတ်သန်းရင်း မရှိတော့တဲ့ အိမ်ရာတခုကို ရှာဖွေနေတဲ့ ရုပ်ရှင်ဖန်တီးသူတဦးရဲ့ ခံစားမှုကို ရိုက်ကူးထားပြီး လက်တွေ့မှာ ရှာမတွေ့နိုင်တော့တဲ့ ပိုကောင်းတဲ့ နေရာတခုကို မျှော်လင့်တောင့်တနေတဲ့အကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ Fragment of Witness (ပစ္စုပ္ပာန်အပြိုအပျက်များ) က ရရှိခဲ့ပါတယ်။
ဒါ့အပြင် International Jury Mention Awards ကိုတော့ တော်လှန်ရေးသတင်းထောက် တယောက်လည်းဖြစ်တဲ့ CDM ကထိက ဆရာမ ဒေါ်ရတီအုန်းက သူနဲ့ သူ့ရဲ့တပည့်လေး တယောက်အကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ကြယ် (STAR) က ရရှိခဲ့ပါတယ်။
News Feature Award ကိုတော့ ဒါရိုက်တာ Mon Mon ရိုက်ကူးထားတဲ့ Thirst Amidst Turmoil (စစ်ပွဲကြားက ရေကြည်တစက်) က ရရှိခဲ့ပါတယ်။ စစ်ပွဲနဲ့ မိုးခေါင်ရေရှားမှုဒဏ်ကို တပြိုင်နက် ရင်ဆိုင်နေရတဲ့ကာလမှာ ရေက ရွှေထက် တန်ဖိုးရှိကြောင်း နားလည်လာရတဲ့ မိသားစုတစုရဲ့ ရှင်သန်ရပ်တည်ရေးကို တင်ဆက်ထားတာ ဖြစ်ပါတယ်။
CJ Shorts Award ကိုတော့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ကြောင့် မန္တလေးတိုင်းထဲက ကျေးရွာတရွာ ပျက်စီးသွားခဲ့ပြီး ဧရာဝတီမြစ်ထဲရှိ ကျွန်းများပေါ်တွေဆီ ထွက်ပြေးတိမ်းရှောင်ရတဲ့ မိသားစုတစုရဲ့ ဘဝပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Raysan ရဲ့ “The Middle Land of the Displaced” နဲ့ ဒါရိုက်တာ Haki ရဲ့ လေကြောင်းရန် အန္တရာယ်ကြားက ဂီတကျောင်းမှာ ဂီတပညာရှင်ဖြစ်ဖို့ အိပ်မက်ကို အကောင်အထည်ဖော်နေကြတဲ့ ဒုက္ခသည်ကလေးတွေရဲ့ လွတ်လပ်မှုအတွက် ရုန်းကန်လှုပ်ရှားမှုကို ပုံဖော်ထားတဲ့ “Melody of Hope” တို့က အသီးသီး ရရှိခဲ့ကြပါတယ်။
လူငယ်ဖန်တီးသူတွေရဲ့ လက်ရာတွေကို အခုထက်ပိုပြီး နိုင်ငံတကာထိရောက်အောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ DVB Peacock Film Festival 2025 ရဲ့ ပွဲစီစဉ်သူ မချမ်းသီရိစိုးက ပြောပါတယ်။
မြန်မာပြည်သူတို့ရဲ့ မေ့ပျောက်ခံ အသံတွေကို ကမ္ဘာသိအောင် ဟစ်ကြွေးရာ နေရာတခုဖြစ်ပြီး တော်လှန်ရေးကာလအတွင်း အမှန်တရားအတွက် စွန့်စားရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်တွေကို ပြသရာ DVB Peacock Film Festival ၂၀၂၅ ကိုတော့ ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်ရှိ Communication Innovation Center (CIC) မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ၃ ရက်တာကာလအတွင်း ပြည်တွင်းပြည်ပ ဧည့်ပရိသတ် တထောင်ကျော်တက်ရောက်အားပေးခဲ့ကြပါတယ်။
ဝေဝေ


