
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ရဲ့ ယာယီ ထိန်းသိမ်းရေးစခန်းမှာ တရုတ်နိုင်ငံသား ၃၀၀ ကျော် အဓိကရုဏ်းဖြစ်ပွားပြီး တယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့ ဒီဇင်ဘာ ၉ ရက် ည ၁၁ နာရီခွဲလောက်က မဲဆောက် ထာ့ဆိုင်လွတ်ရပ်ကွက် နယ်ခြားစောင့်တပ် အမှတ် ၃၄၆ အနောက်ဘက်မှာရှိတဲ့ လဝက ယာယီထိန်းသိမ်းရေးစခန်းမှာ အဓိကရုဏ်းတွေ ဖြစ်ပွားနေလို့ ရာ့ချမနူးစစ်ကြောင်းက တပ်ဖွဲ့ဝင်တွေ၊ နယ်မြေခံရဲတပ်ဖွဲ့၊ လဝက ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မီးသတ်ကားနဲ့အတူ အခင်းဖြစ်တဲ့ နေရာကို သွားရောက်နှိမ်နင်း ထိန်းချုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါနေရာဟာ တဘက်နိုင်ငံ ကျားဖြန့်စခန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာ မိခင်နိုင်ငံကို ပြန်မပို့ခင် စိစစ်နေဆဲကာလ ယာယီထိန်းသိမ်းထားတဲ့ စခန်းဖြစ်တယ်၊ အများစုမှာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး လူဦးရေ ၃၀၀ ကျော်ရှိတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
မနေ့ညက တရုတ်ဘာသာစကားတွေနဲ့ အော်ဟစ်သောင်းကျန်းနေပြီး အချင်းချင်းရန်ဖြစ်ကာ တယောက် ဒဏ်ရာရသွားတယ်၊ စာရွက်စာတမ်း သိမ်းဆည်းတဲ့ ဗီဒို၊ စီစီတီဗီကင်မရာ၊ ခုံတန်းရှည် စတဲ့ နိုင်ငံပိုင်ပစ္စည်းတွေလည်း ဖျက်ဆီးခံထားရတယ်၊ တာဝန်ရှိသူတွေက ဆူပူနေတဲ့နေရာကို မီးသတ်ကားထဲကရေနဲ့ အရင်ပက်ဖျန်းပြီး ဝင်ရောက်ဖျန်ဖြေစစ်ဆေးခဲ့တယ်၊ သူတို့ဟာ အဲဒီနေရာမှာ မနေချင်တော့ဘူး၊ နေရပ်ကို အမြန်ဆုံး ပြန်ပို့ပေးဖို့ တောင်းဆိုကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
မဲဆောက်တဘက်ကမ်း မြဝတီခရိုင် KK Park မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး BGF နယ်ခြားစောင့်တပ်က ကျားဖြန့်နှိမ်နင်းရေး ဆောင်ရွက်ရာမှာ တရုတ်နိုင်ငံသား စုစုပေါင်း ၁,၅၉၈ ယောက် သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက် ဝင်ရောက်ခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
တဘက်နိုင်ငံက ထွက်ပြေးလာတဲ့ ကျားဖြန့်ဂိုဏ်းသားတွေ အလွန်များပြားပြီး ထိန်းသိမ်းရေးစခန်းမှာ နေရာမဆံ့ဘဲ ကျပ်တည်းစွာ နေထိုင်ရတာကြောင့် အခုလို ပေါက်ကွဲဆူပူနေတာဖြစ်ကြောင်း လူမှုကွန်ရက်မှာ ဝေဖန်နေကြပါတယ်။
Source: Amarin TV / Thairath


