Home
မြန်မာသတင်း
ရန်ကုန်-ကော့သောင်းလေယာဥ်လက်မှတ်စျေးနှုန်း ကျပ် ၉ သိန်းနီးပါးအထိ ဖြစ်လာ
DVB
·
December 10, 2025

ရန်ကုန်-ကော့သောင်းလေကြောင်းခရီးစဥ် လက်မှတ်စျေးနှုန်းက လစဥ်မြင့်တက်လာပြီး အမြင့်ဆုံးစျေးနှုန်းက ကျပ် ၉ သိန်းနီးပါးအထိ ဖြစ်လာတယ်လို့ ဒေသတွင်း လေယာဥ်လက်မှတ်ရောင်းချပေးနေသူတွေဆီက သိရပါတယ်။

အခုနှစ် နိုဝင်ဘာလမှာ ရန်ကုန်-ကော့သောင်း လေယာဥ်လက်မှတ်စျေးနှုန်းက ကျပ် ၈၄၀,၀၀၀ ဝန်းကျင်မှာရှိပြီးတော့ ဒီဇင်ဘာလပိုင်းမှာတော့ လက်မှတ်စျေးကျပ် ၈၉၀,၀၀၀ ကနေ ၉၀၀,၀၀၀ ဝန်းကျင်ကြားဖြစ်နေပြီး ကော့သောင်း-ရန်ကုန်အပြန်လက်မှတ်စျေးနှုန်းကတော့ ကျပ် ၆၄၀,၀၀၀ ဝန်းကျင်ကနေ ၆၈၀,၀၀၀ ဝန်းကျင်ကြား ရှိတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ နဲ့ ဒီဇင်ဘာလကြားမှာ လေယာဥ်လက်မှတ်စျေးနှုန်းက ကျပ် ၅ သောင်းဝန်းကျင်အထိ မြင့်တက်သွားတာပါ။ 

လေယာဥ်လက်မှတ် ရောင်းချနေသူ အမျိုးသမီးတယောက်က  “ဘာကြောင့်လဲတော့မသိဘူး။ သူတို့သတ်မှတ်တဲ့ စျေးအတိုင်းပဲဆိုတော့လေ။ ကော့သောင်းကနေ သွားရင် စျေးသက်သားတယ်ပေါ့။ ကော့သောင်း-ရန်ကုန်စျေးက သက်သာတယ်။ အသွားအပြန် စျေးမတူဘူး။ ရန်ကုန်-ကော့သောင်းသွားရင် စျေးပိုများတယ်။ အရင်လတွေတုန်းကလည်း ၈ သိန်းကျော်ပဲ၊ အခုဒီဇင်ဘာလမှာ ၈၉၀,၀၀၀ ဖြစ်နေတာပါ” လို့ ပြောပါတယ်။

အခုနှစ် ဇန်နဝါရီလအစမှာ ရန်ကုန်-ကော့သောင်းလက်မှတ်စျေးနှုန်းက ကျပ် ၇၉၀,၀၀၀ ဝန်းကျင်ကြားရှိပြီး ဧပြီလလောက်မှာ ကျပ် ၈၁၀,၀၀၀ ဝန်းကျင် ရှိလာတယ်လို့ ပြောပါတယ်။

ရန်ကုန်-မြိတ်လက်မှတ်စျေးနှုန်းက ကျပ် ၄၇၀,၀၀၀ ကျော်ဝန်းကျင်မှာရှိပြီးတော့ ဒေသတွင်း မြိတ်-ကော့သောင်း လက်မှတ်စျေးနှုန်းကတော့ ကျပ် ၄၀၀,၀၀၀ ဝန်းကျင်ကြားမှာ ရှိတယ်လို့ ဆိုပါတယ်။

ရန်ကုန်-ကော့သောင်းခရီးစဥ်ကတော့ နေ့တိုင်းပြေးဆွဲနေပြီး လေယာဥ်လက်မှတ်စျေးနှုန်းက လစဥ် မြင့်တက်နေပေမဲ့ ခရီးသွားသူများတာကြောင့် အသွားအပြန်လက်မှတ်တွေကို ကြိုတင်ဝယ်ယူထားမှသာ အဆင်ပြေပါတယ်လို့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။

“လက်မှတ်က ၁ လကြိုမှာထားမှရတယ်။ ခရီးသွားတွေကများတော့ လက်မှတ်ကြပ်တယ်။ ဒါကြောင့် ကြိုဝယ်မှအဆင်ပြေတယ်။”

စစ်တပ်အာဏာမသိမ်းမိကာလမှာတုန်းက ရန်ကုန်-ကော့သောင်း လေယာဥ်လက်မှတ်မှာ အမြင့်ဆုံးစျေးနှုန်းကျပ် ၁၆၀,၀၀၀ ကျော်အထိသာ ရှိတယ်လို့ ဒေသတွင်းခရီးသွားတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ပြည်ထောင်စုကားလမ်းမတွေ မကြာခဏပိတ်နေပြီး ခရီးစဥ်မလုံခြုံတဲ့အတွက် ငွေကြေးတတ်နိင်တဲ့သူတွေ၊ အရေးပေါ်ခရီးသွားရသူတွေက လေကြောင်းခရီးစဥ်တွေကို ပိုအသုံးပြုလာကြတာလို့ ခရီးသွားလုပ်ငန်းတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013