
ပြည်ပကို သွားရောက်လုပ်ကိုင်မယ့်သူတွေကို သက်ဆိုင်ရာနိုင်ငံသွားမယ့် လေယာဥ်လက်မှတ် ပြနိုင်မှ ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OWIC) ထုတ်ပေးတော့မယ်လို့ စစ်ကောင်စီ သြဇာခံ အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။
OWIC ကတ် လျှောက်ထားရာမှာ နိုဝင်ဘာ ၂၇ ရက်ကစပြီး အရင်သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတွေအပြင် လေယာဥ်လက်မှတ်ပါ ပူးတွဲတင်ပြစေပြီး ပြည့်စုံမှန်ကန်မှ ထုတ်ပေးမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလို လေယာဥ်လက်မှတ် ပြခိုင်းတာဟာ အေဂျင်စီတွေက အလုပ်သမားစေလွှတ်ရာမှာ အချိန်ဆွဲ လုပ်ဆောင်တာမျိုး မဖြစ်ရအောင် ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေသူတယောက်က “လေယာဥ်လက်မှတ် ပြရမှာကတော့ ထားပါ။ အဲဒီလက်မှတ်ဒိတ် မတိုင်ခင် OWIC ကတ်က ရမှာလား။ မရရင် ဘယ်လိုတာဝန်ယူမှာလဲဆိုတာ မေးစရာရှိတယ်” လို့ ပြောပါတယ်။
ပြည်ပကို သွားရောက်လုပ်ကိုင်မယ့်သူတွေအနေနဲ့ OWIC ကတ်ကို မဖြစ်မနေ လျှောက်ထားရပြီး အဲဒီကတ်ရှိမှ လေဆိပ်ကနေ ထွက်ခွာခွင့်ရတာ ဖြစ်ပါတယ်။
အလုပ်သမားအသစ်တွေအနေနဲ့ OWIC ကတ် လျှောက်ရာမှာ နိုင်ငံကူးလက်မှတ်၊ အိမ်ထောင်စုစာရင်း၊ အလုပ်ခေါ်စာ၊ ချိတ်ဆက်ထားတဲ့ အေဂျင်စီရဲ့ ထောက်ခံစာနဲ့ စမတ်ကတ်တို့ ပြရကာ ခွင့်ပြန်အလုပ်သမားတွေက အလုပ်ရှင်ရဲ့ခွင့်စာ၊ မိသားစုလွှဲပို့ငွေ အထောက်အထား၊ ဝင်ငွေခွန်ပေးဆောင်ထားတဲ့ စလစ်တို့ကိုပါ တင်ပြရတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်ထားတဲ့ အသက် ၂၃ ကနေ ၃၁ နှစ်အတွင်း အမျိုးသားတွေကို OWIC ကတ် ထုတ်ပေးတာကို ရပ်နားထားပါတယ်။