ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်တော်ဆေးခန်းမှာ ဒီဇင်ဘာ ၆ ရက် ဒီနေ့မနက်က ကျင်းပပါတယ်။
မွေးနေ့ ဆုတောင်းစကားအဖြစ် ဒေါက်တာစင်သီယာမောင်က “လုပ်ဖော်ကိုင်ဖက် အားလုံး ကိုယ့်အရည်အသွေးတွေကိုမြှင့်တင်ပြီး ပြည်သူ့အကျိုးကို စုစုစည်းစည်းနဲ့ အခုထက်ပို ထမ်းဆောင်နိုင်ကြပါစေ”လို့ မွေးနေ့ပွဲမှာ ပြောပါတယ်။
ဒီမွေးနေ့ပွဲကို ကျောင်းသားကျောင်းသူတွေ၊ ဆေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ တခြားဖိတ်ကြားထားသူတွေ တက်ရောက်လာကြပါတယ်။
ဒေါက်တာစင်သီယာမောင်ဟာ မြန်မာနိုင်ငံမှာ ရှစ်လေးလုံးလူထုအရေးတော်ပုံအပြီး နယ်စပ်ဒေသကို ထွက်ခွာလာခဲ့ပြီး ၁၉၈၉ ခုနှစ်ကစတင်ကာ မဲဆောက်မြို့၊ မယ်တော်အရပ်မှာ ဆေးခန်းဖွင့်လှစ်ကာမြန်မာနိုင်ငံမှ ဒုက္ခသည်တွေ၊ မိဘမဲ့ကလေးငယ်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို ယနေ့တိုင် ဆေးကုသပေးနေတာဖြစ်ပါတယ်။
ဒေါက်တာ စင်သီယာမောင်ဟာ မဲဆောက်မှာ မိဘမဲ့ ကလေးကျောင်းနဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်ပြီး ရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးလုပ်ငန်းတွေကိုလည်း ပရဟိတအဖြစ်ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။
ကရင်တိုင်းရင်းသူ ဒေါက်တာစင်သီယာမောင်ဟာ ပြည်သူတွေတွက် ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုကူညီရေး ဆောင်ရွက်မှုတွေအတွက် အာရှနိုဘယ်လ်ဆုလိုတင်စားခေါ်ဝေါ်တဲ့ ရေမွန်မက်ဆေးဆေးဆုအပါအဝင် နိုင်ငံတကာကချီးမြှင့်တဲ့ ဆုပေါင်း ၁၈ ဆု ချီးမြှင့်ခံရသူ ဖြစ်ပါတယ်။












