
မြန်မာနိုင်ငံမှာဖွင့်လှစ်ထားတဲ့ ဖင်လန်သံရုံး ပိတ်ရင် ဗီဇာကိစ္စမှာ ကြီးမားတဲ့ သက်ရောက်မှု မရှိပေမဲ့ မြန်မာလူငယ်တွေအတွက် ပညာရေးနဲ့ပတ်သက်တဲ့ အခွင့်အလမ်း၊ အချိတ်အဆက်တွေ ဆုံးရှုံးသွားနိုင်တယ်လို့ ဖင်လန်ရောက် မြန်မာအသိုက်အဝန်းက ပြောပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ ဖင်လင်နိုင်ငံ သံရုံးကို လာမယ့် ၂၀၂၆ မှာ အပြီးတိုင် ပိတ်သိမ်းသွားမယ်လို့ ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ပါကစ္စကန်နိုင်ငံ အစ္စလာမာဘတ်၊ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တို့က သံရုံးတို့ပါ အပြီးတိုင် ပိတ်သိမ်းသွားမယ်လို့ ထုတ်ပြန်ထားတာပါ။ လက်ရှိ ဖင်လန်နိုင်ငံ အလည်အပတ် ဗီဇာကို ရန်ကုန်မှာရှိတဲ့ ဂျာမနီသံရုံးက ထုတ်ပေးနေတာ ဖြစ်ပါတယ်။
သံရုံးပိတ်တာကြောင့် ဗီဇာကိစ္စတွေမှာ ကြီးမားတဲ့ သက်ရောက်မှု မရှိပေမဲ့ ဖင်လန်သံရုံးက ဦးဆောင်လုပ်တဲ့ ပညာရေးအခွင့်အလမ်းပွဲတွေ၊ ချိတ်ဆက်မှုတွေ ဆုံးရှုံးသွားတယ်လို့ ဖင်လန်ရောက် ကျောင်းသားတယောက်ဖြစ်တဲ့ ကိုဘုန်းက ပြောပါတယ်။
“မြန်မာနိုင်ငံမှာရှိတဲ့ ဖင်လန်သံရုံး ပိတ်တာနဲ့ ပတ်သက်ပြီးတော့ ပထမဆုံးပြောချင်တာက သံရုံးတရုံး ဆိုတာက ဗီဇာ Process တခုတည်းလုပ်တဲ့ ရုံးတရုံး မဟုတ်ဘူးဆိုတာ သိစေချင်တယ်။ ဘာတွေလုပ်လဲဆိုတော့ ဖင်လန်သံရုံးကလုပ်တဲ့ ပညာရေးနဲ့ပတ်သက်တဲ့ ပွဲတွေ၊ ပရောဂျက်တွေ၊ Event တွေ အများကြီးပေါ့နော်။ အဲဒီကနေ မြန်မာပြည်အတွက်ရော၊ ပြည်သူတွေအတွက်ရော အကျိုးကျေးဇူးတွေ ရှိခဲ့တယ်။ အများကြီး အကျိုးကျေးဇူးတွေ ရှိခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ Mindset တွေ အများကြီး တိုးတက် ပြောင်းလဲခဲ့တာတွေ ရှိတယ်။ Open Mindset ဖြစ်တယ်။ မျက်စိပွင့် နားပွင့် ဖြစ်လာခဲ့တယ်။ အဲဒါအပြင် သံရုံးနဲ့ အခြား အဖွဲ့အစည်းနဲ့ ပေါင်းလုပ်ခဲ့တာတွေ ရှိတယ်။ ဖင်လန်သံရုံးပိတ်ရင် ဒါတွေ ဆုံးရှုံးသွားမယ်ပေါ့နော်။ ပြောရရင် လူငယ်တွေအတွက်နဲ့ ပြည်သူလူထုအတွက် ထိခိုက်မှုရှိတယ်။ ဗီဇာကိစ္စနဲ့ ပတ်သက်ပြီး ဗီဇာကတော့ ထိခိုက်မှုမရှိဘူး။ နဂိုကတည်းက ဘန်ကောက်မှာ အလုပ်အတွက်နဲ့ ကျောင်းဗီဇာတွေ လျှောက်ရတဲ့အတွက် ဗီဇာကိစ္စက ထိခိုက်မှုရှိမှာ မဟုတ်ပါဘူး။”
သံရုံးတွေ ပိတ်သိမ်းရတာဟာ လုပ်ငန်းဆောင်ရွက်မှုနဲ့ မဟာဗျူဟာမြောက် အကြောင်းရင်းတွေကြောင့် ဖြစ်ပြီး နိုင်ငံတွေရဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေ၊ ဖင်လန်နိုင်ငံနဲ့ ကူးသန်းရောင်းဝယ်ရေး၊ စီးပွားရေးဆက်ဆံမှု အကန့်အသတ်တွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
အခုလို သံရုံးတွေ ပိတ်သိမ်းတာဟာ ဝန်ကြီးဌာနရဲ့ ပြည်ပမစ်ရှင်ကွန်ရက်ကို ပြင်ဆင်ဖွဲ့စည်းတာကနေ ဖြစ်လာခဲ့ပြီး ဖင်လန်အတွက် မဟာဗျူဟာအရ အရေးပါတဲ့ နိုင်ငံတွေမှာ အရင်းအမြစ်တွေကို စုစည်းဖို့ဖြစ်သလို သမ္မတရဲ့အမိန့်နဲ့ သံရုံးတွေ ပိတ်သိမ်းတာလို့ ထုတ်ပြန်ထားပါတယ်။
ဖင်လန်နိုင်ငံမှာ နေထိုင်သူတယောက်က “အလည်အပတ်တွေက မြန်မာပြည်မှာ ဂျာမနီသံရုံးက ထုတ်ပေးတယ်။ ကျန်တဲ့ နေထိုင်ခွင့်အားလုံး၊ ကျောင်းသားနေထိုင်ခွင့်၊ အလုပ်နေထိုင်ခွင့်၊ မိသားစု ပြန်လည်ပေါင်းစည်းရေး၊ အဲ့ နေထိုင်ခွင့်အားလုံးက ဘန်ကောက်သံရုံးကနေပဲ ဗီဇာ ထုတ်ပေးတာပါ။ ဒါကြောင့် လက်ရှိ သံရုံးပိတ်တဲ့ကိစ္စက ဘာမှ သက်ရောက်မှုမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဒီသံရုံးက နေထိုင်ခွင့်နဲ့ ထုတ်ကို မထုတ်ပေးဘူး။ ဥပမာ - ဗီဇာနဲ့ နေထိုင်ခွင့်ကို ကိုင်ကို မကိုင်တွယ်ပေးတာပါ။ စီးပွားရေးနဲ့ လူမှုရေးရာ ကူညီဖို့အတွက်ပဲ ရောက်လာတဲ့သံရုံး ဖြစ်ပါတယ်။ အဲ့တော့ သံရုံးပိတ်တဲ့ကိစ္စက ဖင်လန်နိုင်ငံမှာ ဘတ်ဂျက် လျှော့တာလည်း ပါပါတယ်။ ဘတ်ဂျက်တွေ နည်းမျိုးစုံမှာ ကဏ္ဍအလိုက် လိုက်လျှော့တယ်။ မြန်မာပြည်အတွက်ကိုလည်း ချိတ်ဆက်မှု အားနည်းလို့လည်း သံရုံးပိတ်လိုက်တာ ပါပါတယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့၊ ဖင်လန်သံရုံးရဲ့ ဝက်ဘ်ဆိုက်မှာတော့ ဖင်လန်နိုင်ငံသားတွေအတွက် အရေးပေါ်အကူအညီ၊ ပတ်စ်ပို့ သက်တမ်းတိုးတာ စတဲ့ ကောင်စစ်ရေးရာနဲ့ မြန်မာနိုင်ငံသားတွေရဲ့ နေထိုင်ခွင့်ဆိုင်ရာ ဝန်ဆောင်မှုတွေကို ဘန်ကောက် ဖင်လန်သံရုံးမှာ ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖင်လန်အနေနဲ့ ဒီနှစ်ထဲမှာပဲ အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့မှာ ကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်ခဲ့ပြီး Business Finland က ရုံးတွေ ဖွင့်လှစ်ခဲ့တဲ့ နေရာတွေမှာလည်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ရုံးခန်းတွေ ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇွဲသစ်


