
စစ်ကောင်စီက ၅၀၅-က ပုဒ်မရုပ်သိမ်းပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၃၀ နီးပါးကို အကြမ်းဖက်ပုဒ်မနဲ့ ပြန်လည်ဖမ်းဆီးနေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ Women's Organization Of Political Prisoners က ဒီဇင်ဘာ ၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့တဲ့ထဲကမှ မြင်းခြံထောင်၊ သရက်ထောင် ဒိုက်ဦးထောင်တွေက ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ အယောက် ၃၀ နီးပါးပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသူတွေကို ထောင်က ပြန်လွှတ်ပေးပြီး သူတို့ရဲ့ နေအိမ်ပြန်ရောက်မှ ခံဝန်ကတိလက်မှတ်ထိုးခိုင်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်လည်ခေါ်ဆောင်ပြီး ပုဒ်မ ၅၂ (က)၊ ၅၀(ည) ၊ ပုဒ်မ ၁၇(၁) တွေနဲ့ ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့ တာဝန်ရှိသူက “အခုလွှတ်ပေးတာကတော့ အတုအယောင်ရွေးကောက်ပွဲကို အကြောင်းပြပြီး အယောင်ပြ လွှတ်ပေးတာဖြစ်တယ်။ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေကလည်း ပတ်ဝန်းကျင်အခြေအနေကို မပြတ်လေ့လာပြီးတော့ သတိထားနေထိုင်ကြဖို့။ ကိုယ့်ရဲ့ လုံခြုံရေးအတွက် ဂရုတစိုက် စောင့်ကြည့်ပြီးတော့ နေကြဖို့ မှာချင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်က ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၇၂၄ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သလို စပ်ဆက်အမှုတွေနဲ့ တရားစွဲခံထားရသူတွေကိုလည်း ၅၀၅-က ပုဒ်မကို ရုတ်သိမ်းပေးခဲ့ပါတယ်။
သီရိ


