Home
မြန်မာသတင်း
လမ်းမတော်မြို့နယ် ပြည်သူ့ပါတီ ဆိုင်းဘုတ်ဖွင့်ပွဲ တားမြစ်ခံရ
DVB
·
December 2, 2025
Photo: ပြည်သူ့ပါတီ

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲအတွက် ပြည်သူ့ပါတီက ရန်ကုန်မှာ ဆိုင်းဘုတ်ဖွင့်ပွဲ ပြုလုပ်တာကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တားမြစ်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက်မှာ လမ်းမတော်မြို့နယ်၊ ရွှေပုဇွန်ဆိုင်ရှေ့မှာ ပြုလုပ်တဲ့ ပြည်သူ့ပါတီ အောင်နိုင်ရေးဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ လမ်းမတော်မြို့နယ်ရှိ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင် ပွဲကို လာရောက် ဟန့်တားခဲ့တယ်လို့ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

အဲဒီ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ကို ဝါးတန်းလမ်းနဲ့ လမ်းသစ်လမ်းနဲ့ အနော်ရထာလမ်းထောင့်အနီး ရွှေပုဇွန်ကိတ်နဲ့ အအေးဆိုင်ရှေ့မှာ စိုက်ထူခဲ့တာဖြစ်ပြီး အဲဒီနေ့က ဖြစ်ပွားခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေကိုလည်း ပြသခဲ့ပါတယ်။

တိုက်ပုံအင်္ကျီအဖြူရောင် ဝတ်ဆင်ထားတဲ့ လမ်းမတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးနေလင်းအောင်ကို ဓာတ်ပုံမှတ်တမ်းမှာ တွေ့မြင်ရပြီး ကြံ့ခိုင်ရေးပါတီ အဖွဲ့ဝင်တွေလည်း မလှမ်းမကမ်းမှာ ရှိနေတာကို တွေ့မြင်ကြရပါတယ်။

အဲဒီ အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူဖို့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို စာတင် ခွင့်ပြုချက်ရယူခဲ့ပြီး ခွင့်ပြုချက် ရရှိပြီးမှသာ ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ဘက်က အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်မှုတွေ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့အချိန်မှာ တခါမှ မကြုံဖူးတဲ့ အခမ်းအနားလုပ်နေတဲ့အထဲကို ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင် လာရောက်ပြီးတော့ သတင်းဓာတ်ပုံဗွီဒီယို လာပြီး မှတ်တမ်းယူတယ်။ ပွဲကို လာပြီး ဟန့်တားတဲ့ပုံစံ ဖြစ်လာတယ် ဆိုတာကတော့ တယောက်ချင်းမေးတဲ့၊ နောက် ဖုန်းနဲ့မေးတဲ့ မီဒီယာတွေကိုလည်း တယောက်ချင်းပြောရင် တမျိုးဖြစ်နေမှာစိုးလို့  ဒီသတင်းစာရှင်းလင်းပွဲလေး လုပ်ပြီး အားလုံးကို ရှင်းပြတာဖြစ်ပါတယ်။”

စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ အများဆုံးဝင်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီက အောက်တိုဘာ ၂၈ ရက်ကစလို့ နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်းနဲ့ မန္တလေးမှာ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်ချိတ်ပွဲတွေကို လူအင်အားအများအပြားနဲ့ ပြုလုပ်ခဲ့ပါတယ်။

ဒီနှစ်ရွေးကောက်ပွဲမှာတော့ စီတန်းလှည့်လည် မဲဆွယ်ခွင့်ကို ရွေးကောက်ပွဲကော်မရှင်က ပိတ်ပင်ထားပါတယ်။

ဥပဒေပညာရှင် ဦးကြီးမြင့်က “သူကတော့ ဥပဒေကတော့ ၂ မျိုးရှိတာပေါ့။ သူက မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်နေတဲ့အခါကျတော့ သူက တာဝန်ရှိတဲ့သူပေါ့။ နောက် တခြားလူတယောက် လာလုပ်တာဆိုရင် ပုံစံတမျိုးပေါ့။ တခြားသူတယောက်က လာလုပ်တာဆိုရင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဥပဒေနဲ့ သူ့ကို အရေးယူလို့ရတယ်၊ ထောင်ချလို့ရတယ်။ အခုက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်က သူခွင့်ပြုပြီးသား အပေါ်မှာ ဒီလိုလာပြီးတော့ လုပ်တယ်ဆိုတာက ဦးကိုကိုကြီးတို့က ဥပဒေက သူ့အထက်က ကော်မရှင်ဥက္ကဋ္ဌကိုလည်း တင်ပြရမယ်။ အထက်က မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ လုပ်ရပ်က မှားတယ်ဆိုရင် သူ့ကို ရွေးကောက်ပွဲကော်မရှင်ဥပဒေနဲ့ အရေးယူမှာပေါ့” လို့ ပြောပါတယ်။

ပြည်သူ့ပါတီအနေနဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ကလွဲလို့ ကျန်တဲ့ တိုင်းနဲ့ပြည်နယ် အားလုံးမှာ ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ပြီး စုစုပေါင်း အမတ်ဦးရေ ၅၀၀ ကျော် ဝင်ရောက်ယှဥ်ပြိုင်သွားဖို့ ရှိပါတယ်။

လက်ရှိ ၂၀၂၅ ရွေးကောက်ပွဲကာလမှာ တည်ဆဲနိုင်ငံရေးပါတီ ၅၇ ပါတီရှိပြီး ကြံ့ခိုင်ရေးပါတီကတော့ မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဥ်ပြိုင်သွားဖို့ရှိပြီး တချို့မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် တခြားပါတီက အမတ်လောင်းတွေ မရှိလို့ ပြိုင်ဘက်မရှိ အနိုင်ရနေတဲ့ မဲဆန္ဒနယ်တွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှု ကင်းမဲ့ရုံသာမကဘဲ ဒေသတွင်း မတည်ငြိမ်မှုတွေနဲ့ လူထုအပေါ် ဖိနှိပ်မှုတွေကို ပိုတိုးလာစေနိုင်တယ်လို့ ကုလသမဂ္ဂကလည်း သတိပေး ပြောကြားထားပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013