
အမေရိကန်အစိုးရက မြန်မာနိုင်ငံသားတွေကိုပေးထားတဲ့ ယာယီကာကွယ်ခိုလှုံနေထိုင်ခွင့် (TPS) ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်စော်ကား တိုက်ခိုက်မှုဖြစ်တဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
“အဖြစ်မှန်ကို မျက်ကွယ်ပြုပြီး ဒီဆုံးဖြတ်ချက်ဟာ အရပ်သားတွေကို တိုက်ခိုက်ဖို့ စစ် လက်နက်တွေ ဆက်သုံးနေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်အဖွဲ့ကို တရားဝင် ဖြစ်စေပြီး လူထောင်ပေါင်းများစွာကို အလွန်အမင်း အန္တရာယ်ဖြစ်စေပါတယ်”
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့် သမ္မတဂျိုးဘိုင်ဒင် လက်ထက် အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံသား ၄,၀၀၀ ဝန်းကျင်ကို ယာယီကာကွယ်ခိုလှုံခွင့် TPS ပေးခဲ့တာပါ။
အခုသမ္မတ ထရမ့်ပ်လက်ထက် ဒေသစံတော်ချိန်နိုဝင်ဘာ ၂၅ ရက်မှာ TPS ကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း အသက်ဝင်လာမှာ ဖြစ်ပါတယ်။
တွမ် အန်ဒရူးစ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ ဆိုးရွားလာနေတဲ့ အကျပ်အတည်းကို မျက်ကွယ်ပြုထားပြီး လူသားဂုဏ်သိက္ခာကို စော်ကားရာရောက်တယ်လို့လည်း ပြောလိုက်တာပါ။
ဒါ့အပြင် သူက TPS အကျိုးခံစားခွင့်ရသူ အများစုဟာ အမေရိကန်နိုင်ငံက သမိုင်းတလျှောက် ထောက်ခံခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တန်ဖိုးတွေကို မြှင့်တင်နေသူတွေ ဖြစ်တယ်လို့ ပြောလိုက်သလို ဒီလူတွေကို မြန်မာနိုင်ငံကို ပြန်ပို့လိုက်မယ်ဆိုရင် သူတို့ကို ဖမ်းဆီးထိန်းသိမ်းတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ အဓမ္မ စစ်သားစုဆောင်းတာနဲ့ ကွပ်မျက်တာတွေ ခံရနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။
“ဒီလို အတင်းအကျပ် ပြန်ပို့ခြင်းဟာ နိုင်ငံတကာ ဒုက္ခသည်နဲ့ လူ့အခွင့်အရေး ဥပဒေရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ နှိပ်စက်ညှဉ်းပန်းမှု ဒါမှမဟုတ် ပြင်းထန်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တဲ့ နေရာတွေကို လူတွေကို ပြန်မပို့ရဘူးဆိုတဲ့ non-refoulement မူကို ချိုးဖောက်ရာ ရောက်နိုင်တယ်။”


