
ရန်ကုန်မြို့မှာ နိုဝင်ဘာ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်မှာ ၂ နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေအကြား အမေရိကန်ဒေါ်လာ ၉ သန်း တန်ဖိုးရှိတဲ့ သဘောတူစာချုပ် ၁၆ စောင် ချုပ်ဆိုနိုင်ခဲ့တယ်လို့ ဘယ်လာရုစ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (BelCCI) က ထုတ်ပြန်ပါတယ်။
ဒီသဘောတူစာချုပ်တွေအရ မြန်မာနိုင်ငံကို ဘယ်လာရုစ်နိုင်ငံထုတ် ထွန်စက်၊ ကုန်ကားတွေ၊ လူနာတင်ယာဉ်တွေအပြင် ဆေးဝါးထောက်ပံ့ပေးတာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် ထွန်စက် တပ်ဆင်တဲ့ စက်ရုံတွေလည်း တည်ဆောက်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒီစာချုပ်တွေကို ၂ နိုင်ငံ ဘဏ်လုပ်ငန်းရှင်တွေ၊ စက်မှုလုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေက လက်မှတ် ရေးထိုးခဲ့ကြတာပါ။
ဒါ့အပြင် နိုဝင်ဘာ ၂၅ ရက်ကလည်း မြန်မာနဲ့ ဘယ်လာရုစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတဲ့ စာချုပ်မူကြမ်း ၃ ခုကို ဘယ်လာရုစ်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။
အဲဒီ ၃ ခုကတော့ ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူစာချုပ်မူကြမ်း၊ အကောက်ခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်မူကြမ်းနဲ့ နှစ်နိုင်ငံအကြား အခွန်နှစ်ထပ်ကျသင့်မှုကနေ ရှောင်ရှားရေး သဘောတူစာချုပ်မူကြမ်းတို့ဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ အဖွဲ့ဟာ မြန်မာစစ်ခေါင်းဆောင်ရဲ့ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၇ ရက်ညက နေပြည်တော်ကို ရောက်ရှိလာပါတယ်။
ကေခိုင်


