
ဟောင်ကောင်မှာ လူအယောက် ၄၀ ကျော် သေဆုံးခဲ့ရတဲ့ အထပ်မြင့်လူနေအဆောက်အအုံတွေ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ အရာရှိ ၃ ယောက်ကို လူသတ်မှုနဲ့ ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မီးအမြန်ကူးနိုင်တဲ့ ဆန်ကာ (ဇကာ) နဲ့ ပလတ်စတစ်ပြားတွေ အပါအဝင် မီးလောင်လွယ်တဲ့ ပစ္စည်းတွေနဲ့ ဆက်စပ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီ အမှုဆောင်အရာရှိ ၃ ယောက်ကို ဖမ်းဆီးလိုက်တာပါ။
ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုင်ပိုခရိုင်က အများပြည်သူအိမ်ရာဝင်းအတွင်းရှိ အထပ်မြင့်တိုက်ခန်းတွေမှာ ဖြစ်ခဲ့တဲ့ မီးလောင်မှုကြီးမှာ လူ ၄၄ ယောက် ထက်မနည်း သေဆုံးပြီး ၂၇၉ ဦးပျောက်ဆုံးနေတယ်လို့ ဟောင်ကောင် အာဏာပိုင်တွေက ပြောပါတယ်။
ဝမ်ဖူကုတ်ရပ်ကွက်က မီးလောင်မှုကို ဟောင်ကောင်မှာ အပြင်းထန်ဆုံး အဆင့်ဖြစ်တဲ့ အဆင့် ၅ မီးလောင်မှုအဖြစ်သတ်မှတ်ခဲ့ပြီး မီးသတ်သမား ၈၀၀ ကျော်က ၁၈ နာရီကျော် လောင်ကျွမ်းနေတဲ့ မီးကို ငြှိမ်းသတ်ခဲ့ရတာပါ။
ညဉ့်နက်ပိုင်းကယ်ဆယ်ရေးအတွင်း ကလေးငယ် တယောက် နဲ့ သက်ကြီးရွယ်အို အမျိုးသမီး တယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပြီး မီးငြှိမ်းသတ်နေတဲ့ မီးသတ်သမား တယောက်ထက်မနည်းလည်း သေဆုံးခဲ့ပါတယ်။
၂၀၂၁ ခုနှစ် သန်းခေါင်စာရင်းအရ ဟောင်ကောင်၊ တိုင်ပိုခရိုင်က အခုမီးလောင်တဲ့ နေရာဟာ အများပြည်သူ အိမ်ရာ မိုးမျှော်တိုက် ၈ ခုပါတဲ့ အဆောက်အအုံ အိမ်ရာတခုဖြစ်ပြီး လူဦးရေ စုစုပေါင်း ၄,၆၀၀ လောက် နေထိုင်ကြပါတယ်။
Source:Reuters


