
အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ တရားစွဲခံနေရသူ ၅,၅၀၀ ကျော်ကို အမှုပိတ်ပြီး ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၃,၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ပါတယ်။
မကြာမီကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်အားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနဲ့ လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေးဖို့အတွက် အခုလို လွတ်ငြိမ်းခွင့်ပေးတာလို့ စစ်ကောင်စီက ဆိုပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ စီရင်ခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်း အသီးသီးမှာ အချုပ်အနှောင်ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အကျဉ်းသူ ၂,၃၆၁ ယောက်ကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ကျခံဖို့ ကျန်တဲ့ထောင်ဒဏ်တွေကို လျှော့ပေါ့ပြီး လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ စီရင်ခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်း အသီးသီးမှာ အချုပ်အနှောင်ခံနေရသူ ၇၂၄ ယောက်ကို နောက်တခါကျူးလွန်ရင် အရင်ကျန်တဲ့ ထောင်ဒဏ်ကိုပါ ကျခံမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ကျန်နေတဲ့ ထောင်ဒဏ်တွေကိုလျှော့ပြီး လွတ်ငြိမ်းခွင့်ပေးတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်မှုတွေ ရှိနေတယ်ဆိုပြီး ယာယီအကာအကွယ်ပေးတဲ့ အခြေအနေ TPS ကို အမေရိကန် အစိုးရကသက်တမ်းမတိုးဘဲ ထားဖို့ ဆုံးဖြတ်လိုက်ပြီး နောက်တရက်မှာ အခုလို ထုတ်ပြန်တာဖြစ်ပါတယ်။
ပုဒ်မ ၅၀၅-က ဆိုတာက အများပြည်သူ ထိတ်လန့်အောင် မမှန်သတင်းဖြန့်တာ၊ အစိုးရ အရာထမ်း အမှုထမ်းကို ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်တာတို့ဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တယ်လို့ စစ်တပ်က အာဏာသိမ်းပြီးကာစ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်မှာ ဖြည့်စွက်ထားတဲ့ ပုဒ်မဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် စစ်တပ်က မတရားဖမ်းဆီးခဲ့သူပေါင်း ၃၀,၀၃၁ ယောက်ရှိပြီး ဒီထဲက ၂၂,၇၀၈ ယောက် ထိန်းသိမ်းခံနေရဆဲဖြစ်သလို ၁၁,၄၂၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြီးတော့ နိုဝင်ဘာ ၂၆ ရက်အထိ အေအေပီပီ က အတည်ပြုနိုင်တဲ့ သတင်းအချက်အလက်တွေအရ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံထားရသူ ၈၆ ယောက်ရှိပါတယ်။


