ထိုင်းနိုင်ငံထဲ နှစ်ရှည်လများ နေထိုင်နေကြတဲ့ မြန်မာပြည်က စစ်ဘေးဒုက္ခသည်တွေကို နိုင်ငံတွင်း တရားဝင် အလုပ်လုပ်ခွင့်ပြုလိုက်တဲ့ ထိုင်းအစိုးရရဲ့ အလုပ်သမား ဥပဒေအသစ်ကြောင့် မြန်မာဒုက္ခသည် ထောင်ပေါင်းများစွာအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာခဲ့ပြီး မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။

တောက်ပတဲ့ မျက်လုံးတွေ၊ အပြုံးချိုချိုတွေနဲ့ ကိုထွန်းမင်းလတ်က ဝါးလှေကားပေါ်မှာ ဟန်ချက်ညီညီ ရွေ့လျားနေပြီး ရင့်မှည့်နေတဲ့ တောကြက်မောက်သီး ( Longan Fruit) တွေကို ဆွတ်ခူးပြီးတော့ အောက်က တာလပတ်ခင်းပေါ် ပစ်ချကာ အပင်တပင်ကနေ နောက်တပင်ဆီ လျင်လျင်မြန်မြန်ပဲ ကူးသန်းသွားလာ လှုပ်ရှားနေခဲ့တာပါ။
သူ့အနေနဲ့ နှစ်ပေါင်း ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာဒုက္ခသည်စခန်း ခြံစည်းရိုးတွေရဲ့နောက်မှာ မဟုတ်ဘဲ ထိုင်းနိုင်ငံအရှေ့ပိုင်း ချန်သဘူရီပြည်နယ်ထဲက တောကြက်မောက်ပင်တွေကြား လွတ်လပ်မှုကို မြည်းစမ်းနေခဲ့ရပါပြီ။

“(ကျနော့်အနေနဲ့) မျှော်လင့်ချက်မဲ့ဘဝကနေ လွတ်မြောက်လာသလို ခံစားရတယ်”
အထူးသဖြင့် ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချန်သဘူရီပြည်နယ်ထဲက တောကြက်မောက်ခြံတွေထဲ ခုလို အလုပ်လုပ်ကိုင်ခွင့် ရရှိတာက သူတို့အတွက် ကိုယ့်အားကိုယ်ကိုးနိုင်မှုနဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရရှိစေခဲ့သလို ဒီအခွင့်အရေးဟာ ကရင်၊ မွန်၊ ရှမ်း၊ ရခိုင်နဲ့ ဗမာ တိုင်းရင်းသားတွေ အပါအဝင် မြန်မာဒုက္ခသည်များစွာအတွက် ဘဝသစ်တခုကို စတင်နိုင်ဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။
သူနဲ့ သူ့မိသားစုဟာ မြန်မာစစ်တပ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ထိုးစစ်ဆင်ချိန်မှာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကနေ ထွက်ပြေးလာခဲ့ကြပြီး ၂၀၀၆ ခုနှစ်မှာ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်က ဒုက္ခသည်စခန်းကို ရောက်ရှိလာခဲ့ကြတာပါ။

သူတို့မိသားစုဟာ ဒုက္ခသည်စခန်းမှာတုန်းက ဝင်ငွေမရှိဘဲ နိုင်ငံတကာအကူအညီကိုသာ မှီခိုခဲ့ရပြီး အမေရိကန်ကပေးတဲ့ USAID ထောက်ပံ့မှု ရပ်ဆိုင်းသွားချိန်မှာတော့ မိသားစုဘဝဟာ အလွန် ရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကိုထွန်းမင်းလတ်က“ကျနော်တို့ ဝင်ငွေရှာလို့ မရတော့ဘူး၊ USAID က ထောက်ပံ့မှု ဖြတ်တောက်လိုက်တဲ့အခါ ကျနော်တို့ အသက်ရှင်သန်ဖို့တောင် ခက်ခဲခဲ့တယ်။ စခန်းမှာရှိတဲ့ ကျနော်တို့ရဲ့ မိသားစုဘဝက အလွန်အမင်း ရုန်းကန်ခဲ့ရတယ်” လို့ ပြောပါတယ်။
ခုလတ်တလော ဒီအလုပ်အကိုင် အခွင့်အလမ်းတွေဟာ မျှော်လင့်မထားဘဲ ပေါ်ပေါက်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လက နယ်စပ်တိုက်ပွဲတွေကြောင့် ကမ္ဘောဒီးယား အလုပ်သမားတွေ ထိုင်းနိုင်ငံကနေ အစုလိုက်အပြုံလိုက် ထွက်ခွာသွားခဲ့ကြတာကြောင့် ထိုင်းနိုင်ငံတဝန်းက စက်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ စိုက်ပျိုးရေးခြံတွေမှာ အလုပ်သမား အကြီးအကျယ် ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ထိုင်းအစိုးရက မြန်မာဒုက္ခသည် ၄၀,၀၀၀ ကျော်ကို အလုပ်လုပ်ခွင့်ပါမစ်တွေ ထုတ်ပေးပြီး လစ်လပ်နေတဲ့နေရာတွေကို ဖြည့်ဆည်းခဲ့တာ ဖြစ်ပါတယ်။

အခုအခါ ကိုထွန်းမင်းလတ်ရဲ့ဇနီး လဲ့လဲ့နဲ့ တခြားအမျိုးသမီးတွေက ရိတ်သိမ်းတာ၊ ထုပ်ပိုးတာတွေ စတဲ့ အဆင့်တိုင်းကို လေ့လာရင်း အနီးအနားက ခြင်းတောင်းတွေကို စီပြီး ပြင်ဆင်နေကြသလို သူတို့ရဲ့ ပထမဆုံးနေ့မှာ ၅ ယောက်အဖွဲ့အနေနဲ့ လုပ်အားခ ဘတ် ၁၀၀၀ လောက် ရရှိခဲ့ကြတယ်လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ရွှေ့ပြောင်းဒုက္ခသည်တွေကို အစားအစာ၊ အမိုးအကာနဲ့ တခြား အကူအညီတွေ ပေးနေတဲ့ The Border Consortium (TBC) အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ မစ္စတာ လီယွန်ဒီရိဒ်မက်တန်က ဒီလိုအလုပ်အကိုင်အခွင့်အလမ်းတွေဟာ ဆယ်စုနှစ်နဲ့ချီပြီး စခန်းတွေမှာ နေထိုင်ခဲ့ရသူတွေအတွက် ရေရှည်ဖြေရှင်းချက်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ပြောပါတယ်။
စခန်းတွင်း နေထိုင်သူ ၄၀ ရာခိုင်နှုန်းကျော်ဟာ စခန်းတွေထဲမှာပဲ မွေးဖွားခဲ့ကြသူတွေ ဖြစ်ပြီး အခုလို ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ အခွင့်အရေးရတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အဆိုအရ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံက ဒုက္ခသည် ၈၀,၀၀၀ ကျော် ခိုလှုံနေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကလည်း ထိုင်းအစိုးရရဲ့ ဒီဆုံးဖြတ်ချက်ဟာ ဒုက္ခသည်တွေအတွက် လူမှုအသိုက်အဝန်းနဲ့ ပိုမိုပေါင်းစည်းနိုင်ပြီး မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ပိုမိုရရှိစေမယ့် “သမိုင်းဝင်ခြေလှမ်း”တရပ်ဖြစ်ကြောင်း သြဂုတ်လက ထုတ်ပြန်ချက်မှာ ချီးကျူးပြောဆိုထားခဲ့ပါတယ်။
(တောကြက်မောက်သီးရဲ့ အင်္ဂလိပ်အမည်မှာ Longan Fruit ဖြစ်ပြီး မြန်မာအများစုက လောင်ဂန်သီး ဒါမှမဟုတ် လုံငန်းသီးလို့ ခေါ်ဆိုကြပါတယ်။ စစ်ကိုင်းတိုင်းကနေ ထွက်တာများလို့ စစ်ကိုင်းသီး (သို့) စစ်ကိုင်းဆီးသီး)လို့ ခေါ်ကြသလို တရုတ်နှင်းသီး၊ လေချူသီး၊ သကြားသီး၊ သမင်မျက်လုံး၊ ကြို့သီး၊ နန်းပြားသီး၊ မော်လမြိုင်သီး၊ လုံအယ်သီး၊ နှင်းသီး၊ နဂါးမျက်လုံး၊ မိကျောင်းမျက်စိ၊ ကြောင်မျက်လုံး စသဖြင့် ဒေသအလိုက် အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။)
Source: Reuters (Zaw Naing Oo, Napat Wesshasartar)




















