တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ အခြေခံလူတန်းစားတွေ လာရောက်ကုသနေတဲ့ ကြက်ခြေနီအသင်းခွဲရဲ့ အခမဲ့ဆေးခန်း အဆောက်အအုံကို မူလမြေပိုင်ရှင်ထံ ပြန်လွှဲပေးရမှာဖြစ်လို့ ရပ်ဆိုင်းရဖွယ် ရှိနေတယ်လို့ မြို့နယ် ကြက်ခြေနီအသင်းခွဲဆီက သိရပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်နားက ကြက်ခြေနီအသင်းခွဲ 'အခမဲ့' ဆေးခန်းကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း မူလပိုင်ရှင်အဖွဲ့အစည်းဆီ လွှဲပြောင်းပေးရမှာကြောင့် ဖေဖော်ဝါရီလကုန်လောက်မှာ ဆေးခန်းကို ခေတ္တရပ်နားရမယ်လို့ ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာတင်စိုးမိုးက ပြောပါတယ်။
"ငွေကြေးအခက်အခဲ၊ လူအင်အားအခက်အခဲကြောင့် မဟုတ်ဘူး။ နေရာအခက်အခဲတခုကြောင့် ရပ်လိုက်ရတာလည်း မဖြစ်ချင်ဘူးလေ။ ဒါပေမဲ့ ကျနော်တို့ကော်မတီဝင်တွေက ဆေးခန်းကို ဆက်လက် ရပ်တည်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဆေးခန်းက လုံးဝရပ်နားမှာ မဟုတ်ဘူး။ ဆက်သွားမှာပါ"
အဲဒီ ’အခမဲ့’ဆေးခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး စေတနာ့ဝန်ထမ်း ၁၈၉ ယောက်နဲ့ မနက် ၁ဝ နာရီကနေ ၁၁ နာရီခွဲအထိ တပတ် ၃ ရက် ကုသနေကာ လူနာများတဲ့နေ့မှာ ဆိုရင် နေ့လယ် ၁ နာရီကျော် အထိ ကုပေးနေတာ ဖြစ်ပါတယ်။
အခုလို့ အခြေခံလူတန်းစားတွေအတွက် အားကိုးအားထားရာ အခမဲ့ဆေးခန်းကို မြေနေရာ အခက်အခဲကြောင့် ရပ်နားဖို့ အသိပေးထုတ်ပြန်ခဲ့ပြီးနောက် ငွေကြေးအရမတတ်နိုင်တဲ့လူနာတွေမှာ ခက်ခဲမှုတွေကြုံရနိင်တယ်လို့ မြိတ်မြို့ခံ တယောက်က ပြောပါတယ်။
“ကျမအနေနဲ့ ငွေကြေးတတ်နိုင်ရင် ဒီလို ဆေးခန်းမှာ ဆေးဝါး၊ အထောက်အပံ့တွေ ကိုယ်တိုင်သွား လှူလိုက်ချင်တယ်။ ဒီခေတ်မှာ ဆေးရုံ၊ ဆေးခန်းသွားဖို့က လုံးဝအဆင် မပြေကြဘူးလေ။ ဒါကြောင့် ဒီလို အခမဲ့ဆေးခန်းမျိုးကို ကျမတို့တော့ အားပေးတယ်။”
အခမဲ့ဆေးခန်းကို ဖေဖော်ဝါရီလမှာ ရပ်နားဖို့ အသိပေးပြီးနောက် ဆေးခန်း ရေရှည်ဖွင့်လှစ်နိုင်ရေး ကူညီပံ့ပိုးဖို့ လာရောက်ဆက်သွယ်တဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
အဲဒီဆေးခန်းမှာ တရက်ကို လူနာ ၁၂၀ ကျော်လောက် လာရောက်ကုသကြပြီး တလမှာ လူနာ ၁,၆၀၀ ကျော်ကို ကုသပေးနေရကာ အခုဆိုရင် လူနာပေါင်း ၂၀,၀၀၀ ကျော် အထိ ကုသနိုင်ခဲ့တယ် လို့ သိရပါတယ်။






