တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဗုဒ္ဓဘာသာအသင်းကြီးက ကြီးမှူးကျင်းပတဲ့ ၉၅ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ကန်ဖျားရပ်ကွက်၊ ဘုရားငါးဆူကွင်းမှာ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၄ ရက်အထိ ၆ ရက်တိုင်တိုင် ကျင်းပခဲ့ ပါတယ်။
နိုဝင်ဘာ ၄ ရက် ၊ တန်ဆောင်မုန်းလပြည့်ည မှာတော့ နှစ်ကျိပ်ရှစ်ဆူဘုရားတွေကို ပွင့်စဥ်အလိုက် ဘုရားငါးဆူကွင်းက စတင်ပြီး ပျူစောထီးတွေနဲ့ လုံခြုံရေးယူကာ မြို့ထဲကို လှည့်လည်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ဘုရားလှည့်ရာမှာ လုံခြုံရေးတွေပါပါတယ်။ သေနတ်တကားကားနဲ့ အရှေ့ဆုံးဘက်မှာ နေတာပဲများတယ်။ ပျူစောထီး ၁၀ ယောက်ဝန်းကျင် တွေ့ရတယ်။ အနောက်နဲ့ အလယ်တွေမှာ သိပ်မတွေ့ရဘူး” လို့ ပြောပါတယ်။
ဒီနှစ်မှာ အရင်နှစ်တွေနဲ့ မတူတာကတော့ စစ်ကောင်စီက တန်ဆောင်မုန်းလပြည့်ည လမ်းလျှောက်ပွဲကိုလည်း မြိတ်ကုန်တိုက်ကနေ Sea View ကွန်ဒိုအထိ ကမ်းနားတလျှောက် လမ်းပိတ်ပြီး နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိ ၃ ရက် ကျင်းပခဲ့ပါတယ်။
ဒေသခံနောက်တယောက်က “ကုန်တိုက်နားတလျှောက်မှာ လုံခြုံရေးယူထားတယ်။ ရဲတွေ၊ ပျူတွေ တွေ့ရများတယ်။ စစ်ဆေးတာတွေတော့ မလုပ်ဘူး။ လုံခြုံရေးယူထားတဲ့နေရာနားမှာ ထောင်ကားတွေရော တွေ့ရတယ်” လို့ ပြောပါတယ်။
မြိတ်မြို့မှာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကနေ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ဆက်လက်ရပ်နားခဲ့ပြီး ၂၀၂၃ ခုနစ်မှသာ ပြန်လည်ကျင်းပခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။












