
မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ်က တာဝန်ခံ ကျောင်းအုပ် ဒေါက်တာမြမြမွှေး အပါအဝင် ၄ ယောက်ဟာ နိုဝင်ဘာ ၁၈ ရက်နေ့က လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ အဆိုပါတက္ကသိုလ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပခုက္ကူ-ရေစကြိုလမ်းပေါ်က ကျောက်လှေကားကျေးရွာအနီးမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ ဖမ်းဆီးတာခံခဲ့ရတာ ဖြစ်ပြီး ဒေါက်တာမြမြမွှေးနဲ့ သူ့ယောက်ျား ဦးသက်ကိုမောင် အပါအဝင် ၄ ယောက်ကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
နီးစပ်သူတယောက်က “ဘယ်အဖွဲ့က ဖမ်းသွားပြီး ဘယ်မှာ ဖမ်းထားတယ်ဆိုတာ စုံစမ်းလို့ မရသေးပါဘူး။ အဖမ်းခံရတဲ့သူတွေက ပခုက္ကူနည်းပညာတက္ကသိုလ်က တာဝန်ခံကျောင်းအုပ် ဒေါက်တာမြမြမွှေးနဲ့ သူ့ယောက်ျား ဦးသက်ကိုမောင် တို့အပါအဝင် ၄ ယောက်ပါ။ ကား ၂ စီး၊ လူ ၄ ယောက်ပေါ့။ ကျန်တဲ့ ၂ ယောက်ကတော့ ဘယ်သူတွေလဲဆိုတာ မသိရသေးဘူး” လို့ ပြောပါတယ်။
တာဝန်ခံကျောင်းအုပ် ဒေါက်တာမြမြမွှေး ဟာ Non CDM ဝန်ထမ်းတယောက်ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအကြောင်းပြပြီးတော့ အဲဒီတက္ကသိုလ်ထဲမှာ စစ်တပ်ကို အထိုင်ချ တပ်စွဲခိုင်းထားသူ ဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒေါက်တာမြမြမွှေးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က CDM ပြုလုပ်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။
ပခုက္ကူအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “CDM လုပ်ဖို့ သူ့ကို အကြိမ်ကြိမ် သတိပေးခဲ့တာကို သူက ခေါင်းမာတယ်။ အခုက အဖမ်းခံရတဲ့နေရာဟာ ကျောက်လှေကားကျေးရွာနားက စစ်တပ်ဂိတ်နဲ့ ပခုက္ကူနည်းပညာတက္ကသိုလ် ကြားမှာပါ။ အဲဒီ ကျောက်လှေကား စစ်တပ်ဂိတ်နဲ့ ပခုက္ကူနည်းပညာတက္ကသိုလ်ဆိုတာက မိုင်ဝက်လောက်ပဲ ဝေးတာ။ သူတို့တွေ အဖမ်းခံရတဲ့အချိန်ဟာ ခရီးသွားဖို့ ထွက်လာတာလား။ အစည်းဝေးတက်ဖို့ သွားတာ ဆိုတာတော့ အသေအချာ မသိရသေးဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေ နိုဝင်ဘာ ၂၂ ရက်ညပိုင်းအထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့လည်း မြို့ခံတွေဆီကနေ သိရပါတယ်။


