
ဂျာမန်ကာကွယ်ရေးနည်းပညာကုမ္ပဏီ ယူရိုအက်တ်လာ့စ်ဟာ နိုဝင်ဘာ ၂၁ ရက်က ဘောလ်တစ် ပင်လယ်ထဲရှိ ဒမ့်ပ်အပန်းဖြေမြို့က မာရီနာ ဆိပ်ကမ်းမှာ ရေအောက် အလိုအလျောက်မောင်းနှင်နိုင်တဲ့ ဂရေးရှာ့ခ် ဒရုန်းကို စမ်းသပ်ခဲ့ပါတယ်။
ဒီဒရုန်းကို ၂၀၂၂ ခုမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ဓာတ်အားကြိုးတွေ၊ ဆက်သွယ်ရေးနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ ပျက်စီးမှုတွေ ပိုမိုဖြစ်ပွားခဲ့တဲ့ ဘောလ်တစ်ဒေသက အရေးကြီးတဲ့ ရေအောက်အခြေခံအဆောက်အအုံတွေကို စောင့်ကြည့်ဖို့ အသုံးပြုနိုင်ပါတယ်။
ဂရေးရှာ့ခ် လို ရေအောက်ဒရုန်းတွေဟာ လေကြောင်းဒရုန်းတွေရဲ့ ဈေးကွက်အလားအလာနဲ့ တစိတ်တပိုင်း တူညီမှု မရှိသေးတာဟာ အသုံးပြုမှုနယ်ပယ် ကွဲပြားမှုကြောင့်ဖြစ်တယ်လို့ ယူရိုအက်တ်လာ့စ်ရဲ့ စီအီးအို အွိုက်ဂန် စီယမ်နီယက်စကီ က ရှင်းပြပါတယ်။
“ဒါက လုံးဝကွဲပြားတဲ့နယ်ပယ်တခုဖြစ်ပြီး လိုအပ်ချက်တွေကလည်း လုံးဝကွဲပြားပါတယ်” လို့ စီယမ်နီယက်စကီက ပြောပါတယ်။
“စစ်တပ်အတွက် လိုအပ်ချက်က အကွာအဝေး၊ အမြန်နှုန်းနဲ့ ခံနိုင်ရည်ရှိမှုပဲ ဖြစ်တာကြောင့် ဒါကိုဖြည့်ဆည်းဖို့ စွမ်းအင်အများကြီး လိုအပ်ပါတယ်။ အဓိကစိန်ခေါ်မှုက ရူပဗေဒသက်သက်ဖြစ်ပါတယ်။ ဘက်ထရီတွေက အဲဒီအထိပဲ ရောက်အောင်သွားနိုင်တာကြောင့် ကျနော်တို့ရဲ့ကိုယ်ပိုင် ဟိုက်ဒရိုဂျင်စနစ်ကို တီထွင်ခဲ့ရပါတယ်။”
ဂရေးရှာ့ခ် ဟာ သူ့အတန်းအစားထဲမှာ အမြန်ဆုံး အလိုအလျောက် ရေအောက်မောင်းယာဉ် (AUV) ဖြစ်ပြီး လည်ပတ်မှုအမြန်နှုန်းက တနာရီလျှင် ရေမိုင် ၁၀ မိုင်နှုန်းနဲ့ ရေမိုင် ၁၁၀၀ အထိ ရောက်ရှိနိုင်တယ်လို့ ယူရိုအက်တ်လာ့စ် က ဆိုပါတယ်။
ဦးဆောင်အင်ဂျင်နီယာ နစ်ခ်ဗန်ဒယ်ဂိစ်ထ် ရဲ့ အဆိုအရ ရေအောက်အခြေခံအဆောက်အအုံတွေကို စောင့်ကြည့်ခြင်းအပြင် ဒရုန်းစာ မိုင်းတွေနဲ့ ရေငုပ်သင်္ဘော တိုက်ပွဲတွေကိုလည်း ရှာဖွေနိုင်ပါတယ်။
သူ့ရဲ့ကိုယ်ယောင်ဖျောက်စွမ်းရည်တွေကတော့ ရေအောက်ဒရုန်းတွေရဲ့ အားသာချက်ကြီးတခုပါပဲ လို့ အငြိမ်းစားဂျာမန်ရေတပ်ဗိုလ်ချုပ်ကြီး ယွော်ဂန်အေးလာ က ပြောပါတယ်။
ရေအောက်ဒရုန်းတွေဟာ ရေမျက်ရေပြင်ပေါ်မှာ အသုံးပြုတဲ့ ဒရုန်းတွေထက် နည်းနည်းလောက် နောက်ကျနေသေးတယ်လို့ ဆိုပေမဲ့ သူတို့ရဲ့စွမ်းရည်တွေဟာ တိုးတက်ပြောင်းလဲနေပြီး ဒါဟာ အထူးလိုအပ်နေတဲ့ စွမ်းရည်ဖြစ်ကြောင်းလည်း ပြောပါတယ်။
Source:Reuters


