
စားအုန်းဆီ ရည်ညွှန်းဈေးဟာ စက်တင်ဘာလကုန်ပိုင်းက တပိဿာ ကျပ် ၆,၆၁၀ ကနေ ဆက်တိုက်ပြန်ဆင်းလာပြီး လက်ရှိမှာ ရည်ညွှန်းဈေး တပိဿာကို ကျပ် ၆,၃၃၀ ထိ ဈေးနှုန်း ပြန်ကျဆင်းနေပါတယ်။
စားအုန်းဆီ ရည်ညွှန်းဈေးဟာ နှစ်လအတွင်း ဈေးဆက်တိုက်ပြန်ကျလာတာဖြစ်ပြီး တပိဿာကို ၂၈၀ ကျပ်အထိ ဈေးကျဆင်းမှု ရှိခဲ့ပါတယ်။
တပတ်ကိုတကြိမ် ဆီစာအုပ်နဲ့ဝယ်ယူရတဲ့ ဈေးကွက်မှာ တပိဿာကို ၇,၀ဝဝ ကျပ် ပေါက်ဈေးရှိနေပါတယ်။
ပြင်ပစားအုန်းဆီဈေးကွက်မှာတော့ တပိဿာကို ကျပ် ၉,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိတယ်လို့ စားအုန်းဆီ သုံးစွဲသူတွေဆီက သိရပါတယ်။
တောင်ဥက္ကလာမြို့နယ်နေ စားအုန်းဆီ ဝယ်ယူသူတယောက်က “ရည်ညွှန်းဈေးက ပြန်ကျနေတယ် ပြောတယ်။ ရပ်ကွက်ထဲမှာ ဆီစာအုပ်နဲ့ အပတ်စဥ်ရောင်းပေးနေတဲ့ ဈေးကတော့ ၅၀ သားကို ၃,၅၀၀ ပေးရတယ်။ တပတ်တကြိမ်နဲ့ တလ နှစ်ပိဿာ ရောင်းပေးတယ်။ မလောက်တဲ့အခါကျရင်တော့ အပြင်ကပဲ ဝယ်သုံးရတာပေါ့” လို့ ပြောပါတယ်။
အဲဒီရည်ညွှန်းစျေးကို သယ်ယူပို့ဆောင်စရိတ်နဲ့ အမြတ် ၂ ရာခိုင်နှုန်းသာ တင်ရောင်းဖို့ စားသုံးသူရေးရာ ဦးစီးဌာနက ညွှန်ကြားထားပါတယ်။
ဒါ့အပြင် ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာအပြင် မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးချက် ထုတ်ထားပါတယ်။
စားအုန်းဆီတွေကို အဓိက မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က တင်သွင်းနေရပြီး လက်ရှိ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီဈေးဟာ အထွက်နှုန်းများတာ၊ ပြည်ပဝယ်လိုအား ကျတာတွေကြောင့် နှစ်ပတ်ဆက်တိုက် ဈေးကျဆင်းနေပါတယ်။
တနှစ်ကို မြန်မာနိုင်ငံရဲ့ ဆီလိုအပ်ချက်က တန်ချိန် ၈ သိန်းကနေ ၉ သိန်းခန့်ထိ ရှိပြီး စစ်ကောင်စီ လက်ထက်မှာတော့ ဆီတင်သွင်းမှုကို လျှော့ချတဲ့အနေနဲ့ အကန့်အသတ်နဲ့သာ တင်သွင်းခွင့် ပြုနေပါတယ်။


