
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ကောင်စီက လားရှိုးတက္ကသိုလ် ဖွင့်မှာဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်က ဗီနိုင်း လာရောက်ချိတ်ဆွဲထားပေမဲ့ ကျောင်းအပ်တာတွေ မတွေ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “လားရှိုးတက္ကသိုလ် ဖွင့်တယ်ဆိုတာ အပြောပဲ။ ကျောင်းအပ်လက်ခံတာ မတွေ့သေးဘူး။ လာအပ်တာလည်း မတွေ့ဘူး။ ဒီနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ဗီနိုင်းလာချိတ်တာ ဟုတ်တယ်။ ဒီလိုလုပ်တာ ရွေးကောက်ပွဲအတွက်လည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
ကျောင်းက စပြုပြင်နေတုန်းပဲရှိပြီး ဝန်ထမ်းအဆောင် ဆိုင်းဘုတ်နဲ့ အသေးစား ပြုပြင်ရုံသာ တွေ့ရပြီး အကြီးစားပြုပြင်ဖို့ မလွယ်ဘူးလို့ သူက ပြောပါတယ်။
ရာအိမ်မှူးတွေနဲ့ ဆယ်အိမ်မှူးတွေ အနေနဲ့ မိမိတို့နယ်မြေအတွင်းက တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် တက်ရောက်ကြတော့မယ့် ကျောင်းသူ၊ ကျောင်းသားတွေထဲက ကြိုတင် ဆန္ဒမဲ ပေးမယ့်သူတွေရဲ့ စာရင်းတွေ ကောက်ယူပြုစုပြီး ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဆီ အမြန်ပေးပို့ကြဖို့ ပြောထားတယ်လို့ သူက ရှင်းပြပါတယ်။
ကြိုတင်ဆန္ဒမဲ ပေးရမယ့်ရက်တွေက နိုဝင်ဘာ ၁၇ ရက်ကနေ နိုဝင်ဘာ ၂၁ ရက်အထိ ဖြစ်ကြောင်းလည်း ပြောထားတယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသမီးတယောက်ကလည်း “လားရှိုးတက္ကသိုလ် မဖွင့်သေးပါဘူး။ သန့်ရှင်းရေးလုပ်တဲ့ ဝန်ထမ်း ခေါ်လုပ်တာတောင် တချို့ပဲ လုပ်သေးတယ်။ သန့်ရှင်းရေးလုပ်လို့တောင် မပြီးသေးဘူး။ အဲဒီနား ကျိုးပျက်ကုန်တဲ့ ဟာတွေတောင် မရှင်းသေးဘူးပဲ” လို့ ပြောပါတယ်။
ကျောင်းဆောင် ပျက်စီးထားတာတွေတောင် မရှင်းပြီးသေးဘဲ မြက်တွေ၊ ပေါင်းတွေနဲ့ ရှိနေဆဲ တွေ့ရပြီး တချို့နေရာတွေတောင် မရှင်းနိုင်သေးကြောင်း သူက ပြောပါတယ်။
လားရှိုးတက္ကသိုလ်ရဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းနှစ်အားလုံးကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်၊ တနင်္လာနေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျောင်းတင်မှတ်ပုံတင် ကျောင်းအပ်တာကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်ကစပြီး လက်ခံဆောင်ရွက်မှာဖြစ်ကြောင်း တက္ကသိုလ် ဝင်ပေါက်နားမှာ ဗီနိုင်းချိတ်ဆွဲထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေ မကြာမီ ပြန်ဖွင့်မှာ ဖြစ်တဲ့အတွက် ၂၀၂၅၊ ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲနေ့မှာ မိမိမဲစာရင်းရှိတဲ့ မဲဆန္ဒနယ်ပြင်ပကို တက္ကသိုလ်၊ ကောလိပ် တက်ရောက်သွားမယ့် ကျောင်းသား၊ ကျောင်းသူများ မဲပေးခွင့် မဆုံးရှုံးစေဖို့ ၂၀၂၅၊ နိုဝင်ဘာ ၁၇ မှ ၂၁ ရက်နေ့အထိ မနက် ၉ နာရီမှ ညနေ ၄:၃၀ နာရီအထိ မိမိတို့ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွေမှာ စိစစ်ရေးကတ်နဲ့ ကျောင်းဝင်ခွင့် အထောက်အထားပြသကာ ကြိုတင်မဲပေးနိုင်ကြောင်း အသိပေး ကြေညာထားပါတယ်။


