
အိန္ဒိယ-ပလက်ဝ နယ်စပ်ဒေသမှာ ပြင်းထန်တဲ့ ဝမ်းရောဂါ အခြေအနေတွေကြောင့် အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကို နိုဝင်ဘာ ၂၄ ရက်အထိ တိုးမြှင့်ပိတ်ပင်လိုက်တာကြောင့် ရခိုင်ကုန်သည် ရာနဲ့ချီပြီး ပိတ်မိနေကြတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
အိန္ဒိယ-ပလက်ဝ နယ်စပ်ဖြစ်တဲ့ တွီဒန်း၊ ကာကီနဲ့ လုံးတင်ကျေးရွာတို့မှာ နိုဝင်ဘာ အစောပိုင်းကတည်းက ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပြီး အရပ်သားတွေ သေဆုံးမှု ရှိခဲ့တာကြောင့် နယ်စပ်ကျေးရွာတွေကို Lockdown ချပြီး နယ်စပ်ဖြတ်သန်းသွားလာခွင့်ကိုပါ နိုဝင်ဘာ ၁၂ ရက် ကတည်းက တင်းကျပ်စွာ ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်းမှာ အိန္ဒိယအာဏာပိုင်တွေက နိုဝင်ဘာ ၁၂ ရက်ကနေ နိုဝင်ဘာ ၂၀ ရက်အထိ သွားလာခွင့် ပိတ်ပင်ထားရာကနေ နိုဝင်ဘာ ၂၄ ရက်အထိ တိုးမြှင့် ပိတ်ပင်လိုက်တာဖြစ်ပြီး ရခိုင်ကုန်သည် ရာနဲ့ချီ ပိတ်မိနေသလို ရခိုင်ဘက်မှာလည်း ကုန်စည်ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ လောင်တလိုင်ရောက် ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။
“နယ်စပ်မှာ ပြင်းထန်ဝမ်းရောဂါတွေကြောင့် နယ်စပ်ဖြတ်ကျော်ခွင့်တွေကို ပိတ်ထားတာ ၁၀ ရက်နီးပါး ရှိလာပြီ။ အစောပိုင်းတော့ နိုဝင်ဘာ ၂၀ အထိ ပိတ်ထားတာပေါ့။ မနေ့က နိုဝင်ဘာ ၁၈ ရက်နေ့က ဆိုင်းဟာခရိုင်က ထုတ်ပြန်ချက်မှာ နိုဝင်ဘာ ၂၄ ရက်နေ့အထိ သတ်တမ်း တိုးမြှင့်လိုက်တယ်လို့ ပါတယ်။ အိန္ဒိယဘက်က ပိတ်မိနေတဲ့ ကုန်သည်က ရာနဲ့ချီပြီး ရှိနိုင်တယ်။ ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်နေတာကြောင့် ရခိုင်ဘက်မှာလည်း ကုန်စျေးနှုန်းက မြင့်တက်နေတယ်လို့ သိရတယ်။”
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်မှာလည်း ဝမ်းရောဂါဖြစ်ပွားသူ ၃၀၀ ကျော် ရှိခဲ့တာကြောင့် အာရက္ခကျန်းမာရေးဌာနက အရေးပေါ်တုံ့ပြန်ရေး အစီအစဥ်တွေ ရေးဆွဲပြီး ကုသပေးနေရတယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းဟာ ရခိုင်ပြည်တခုလုံးအတွက် အရေးပါတဲ့ စားနပ်ရိက္ခာရရှိမှု လမ်းကြောင်းဖြစ်ပြီး ရက်ရှည် ပိတ်ဆို့ခံထားရတာကြောင့် ရခိုင်ဘက်မှာ ကုန်စည်ပြတ်တောက်မှုတချို့ ရှိလာနေတယ်လို့ ကျောက်တော်မြို့က ကုန်သည် အမျိုးသားတယောက်က ပြောပါတယ်။
“ရခိုင်ဘက်မှာက တိုက်ပွဲတွေဖြစ်ကတည်းက စားနပ်ရိက္ခာတွေကို အိန္ဒိယဘက်က အဓိက တင်သွင်းနေကြတာ။ အခု ဝမ်းရောဂါတွေကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေတော့ ရခိုင်ဘက်မှာလည်း ကုန်စည်ပြတ်တောက်မှုတွေ ရှိလာနေကြပြီ။ ရှားပါးတဲ့အဆင့်ထိတော့ မဟုတ်တော့ဘူး။ ဒါပေမဲ့ ကုန်သည်တွေဆီမှာ တချို့ကုန်ပစ္စည်းတွေ ပြတ်လာတဲ့ အနေအထားပေါ့။ ကုန်စျေးနှုန်းတွေလည်း ပုံမှန်အခြေအနေကထက် နည်းနည်းမြင့်သွားတာမျိုးရှိတယ်။”
ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီက ကုန်စည်စီးဆင်းမှု အားလုံးကို ပိတ်ဆို့ထားတာကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က ကုန်သွယ်မှုကို စတင်လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။


